ပါရီတိုက်ခိုက်မှု နောက်ပိုင်း နိုင်ငံမှာရှိနေတဲ့ မွတ်စလင် ဗလီတွေအားလုံးကို ပိတ်ပစ်ဖို့ ပြင်သစ်သမ္မတလောင်း တောင်းဆို

ပါရီတိုက်ခိုက်မှု နောက်ပိုင်း နိုင်ငံမှာရှိနေတဲ့ မွတ်စလင် ဗလီတွေအားလုံးကို ပိတ်ပစ်ဖို့ ပြင်သစ်သမ္မတလောင်း တောင်းဆို

ဧပြီ ၂၂ ။                  ။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် ညပိုင်းက ပါရီမြို့လယ်ခေါင်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်  နိုင်ငံမှာရှိနေတဲ့ မွတ်စလင် ဗလီတွေ အကုန်လုံးကို ပိတ်သိမ်းပစ်လိုက်ဖို့ ပြင်သစ် သမ္မတလောင်းတစ်ဦးက အားချင်း တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဧပြီ ၂၃ ရက်မှာ နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲကျင်းပတော့မယ့်ဆဲဆဲမှာပဲ ယခုလို အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် လက်ယာစွန်းဝါဒီ သမ္မတလောင်း Marine Le Pen ကတော့ နိုင်ငံမှာ ရှိတဲ့ မွတ် ဗလီတွေ အားလုံးကို ပိတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း Le Pen အနေနဲ့ ယခု တိုက်ခိုက်မှုအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ၀န်ကြီးချုပ် Bernard Cazeneuve က စွပ်စွဲပြောကြားသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယင်းတိုက်ခိုက်မှုကြောင့် ပြင်သစ်တို့ရဲ့ သမ္မတရွေးကောက်ပွဲ နောက်ဆုံးမဲဆွယ်မှုတွေကို ဦးတည်ရာလမ်းကြောင်း သိသိသာသာ ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုပါတယ်။

ယခုအခါ သမ္မတလောင်း သုံးဦးဟာလည်း ၎င်းတို့ရဲ့ လူထု စည်းဝေးပွဲတွေကို ဖျက်သိမ်းလိုက်ရပြီး ယင်းအစား နိုင်ငံလုံခြုံရေးအပေါ် ဘယ်လိုဘယ်ပုံ ကာကွယ်သွားကြမလဲဆိုတာနဲ့ အိုင်အက်စ်အုပ်စုကို ချေမှုန်းသွားမယ်ဆိုတဲ့ ပြောကြားချက်တွေကို ရုပ်သံကနေပဲ ထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုမှာတော့ မြို့တော်မှာရှိတဲ့ အစည်ကားဆုံး လမ်းမကြီးတစ်ခုပေါ်မှာ အကြမ်းဖက်သေနတ်သမားတစ်ဦးကားတစ်စီးထဲကနေ ထွက်ပြီး ပစ်ခတ်ခဲ့တာကြောင့် ရဲတစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ယင်းတိုက်ခိုက်မှုဟာ မိမိတို့ တပ်သားတစ်ဦးရဲ့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်တို့ကလည်း ယင်းဖြစ်စဉ်နောက်ပိုင်း မဆိုင်းမတွ ထုတ်ဖော်ထားခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာ ကျူးလွန်သူ ဖြစ်တဲ့ အသက် ၃၉ နှစ်ရှိ ပြင်သစ်နိုင်ငံသား Karim Cheurfi ဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ရတယ်လို့လည်း သိရပါတယ်။

အိုင်အက်စ်တို့ကို ချီးကျူးအမွှမ်းတင်ထားတဲ့ စာတစ်စောင်ကိုလည်း ၎င်းအနီးအနားမှာ တွေ့ခဲ့ရတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

အကဲဲဖြတ်လေ့လာသူတွေရဲ့အဆိုအရတော့ ကြာသပတေးနေ့ညပိုင်း ယင်းတိုက်ခိုက်မှုက အကြမ်းဖက်မှုတွေနဲ့လုံးထွေးနေခဲ့ရတဲ့ နိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအပေါ် ကြီးစွာ ဂယက်ရိုက်သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက ဖြစ်ထားခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် အသက်ပေါင်း ၂၃၉ ဦးထိ ဆုံးရှုံးထားခဲ့ရပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရက်နီးကာမှ ယခုအကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာကြောင့် သမ္မတလောင်းတွေအကြားလည်း နိုင်ငံရဲ့ လုံခြံုရေးပိုင်းကို ဘယ်လိုကာကွယ်သွားမလဲဆိုတာနဲ့ပတ်သက်လို့ အခြေအတင် ဖြစ်နေကြပြီ ဖြစ်ပါတယ်။

ယင်းတိုက်ခိုက်မှုကြောင့်လည်း ကိုးလကြာ အေးဆေးတည်ငြိမ်နေခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်မှုတွေအပေါ် လာရောက်ရိုက်ခတ်ခဲ့ပြီး သမ္မတလောင်းသုံးဦးဖြစ်တဲ့ Le Pen ၊ Fillon နဲ့ Macron တို့ကတော့ ၎င်းတို့တတွေရဲ့ နောက်ဆုံးလူထုစည်းဝေးပွဲတွေကို ဖျက်သိမ်းလိုက်ရပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly