ဗင်နီဇွဲလား သမ္မတအား ဆန့်ကျင့်သည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများတွင် သေဆုံး ၂၀ အထိ မြင့်တက်လာ

ဗင်နီဇွဲလား သမ္မတအား ဆန့်ကျင့်သည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများတွင် သေဆုံး ၂၀ အထိ မြင့်တက်လာ

ကာရာကတ်စ်၊ ဧပြီ ၂၂ ။           ။ ဗင်နီဇွဲလားနိုင်ငံ၌ သမ္မတ နီကိုလက်စ်မာဒူရိုအား ဆန့်ကျင့်သည့် ဆန္ဒပြမှုများ သီတင်းသုံးပတ်မြောက်အထိ ဖြစ်ပွားရာ ဧပြီ ၂၁ ရက်အထိ သေဆုံးသူ ဦးရေသည် ၂၀ အထိ မြင့်တက်ခဲ့သည်။

မြို့တော် ကာရာကတ်စ်တွင် ဖြစ်ပွားသော မငြိမ်မသက်မှုများ၌ ဧပြီ ၂၁ ရက်နေ့က ဖြစ်ပွားမှုသည် သေဆုံးမှု အများဆုံးဖြစ်ခဲ့သည်။ မြို့တော်၏ အနောက်တောင်ပိုင်းအရပ်တွင် ဆူပူအကြမ်းဖက်မှုအတွင်း မုန့်တိုက်တစ်ခုအား ၀င်ရောက်ဖောက်ထွင်း၍ ဓာတ်လိုက်သေဆုံးသူနှင့် ပစ်ခတ်ခံရကာ သေဆုံးသူ ဆယ့်တစ်ဦးရှိပြီး ခြောက်ဦး ဒဏ်ရာရကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရဲနှင့် ဆန္ဒပြသူများကြား အဓိကရုဏ်းများဖြစ်ပွားစဉ် လုယက်ဖျက်ဆီးမှုများလည်း ဖြစ်ပေါ်ကြောင်း မျက်မြင်များက ဆိုသည်။

“စစ်ဖြစ်နေတဲ့ အတိုင်းပဲ။ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်။ လက်နက်ရှိထားတဲ့ အရပ်သားတွေဖက်ကလည်း အဆောက်အအုံတွေကို ပြန်ပစ်တယ်။ ကျွန်တော်နဲ့ ကျွန်တော်မိသားစုက ကြမ်းပေါ်မှာ မှောက်နေရတယ်။ တကယ် ကြောက်ဖို့ကောင်းပါတယ်။”ဟု ဒေသခံဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

ဆန္ဒပြသူများကို နှိမ်နင်းရန် အစိုးရက ရာဇဝတ်သားများကို အုပ်စုဖွဲ့ စေလွှတ်နှိမ်းနင်းခိုင်းကြောင်း အတိုက်အခံများက စွပ်စွဲသည်။

နိုင်ငံအတွင်း စီးပွားရေးကပ်ဆိုက်ကာ အစားအစာ၊ ဆေးဝါးနှင့် အခြေခံကုန်စည်များ ရှားပါးပြတ်လပ်ခြင်းအတွက် သမ္မတ မာဒူရိုအား အပြစ်ဆိုကာ ယခုကဲ့သို့ ဆန္ဒပြမှုများဖြစ်ပွားခြင်းဖြစ်သည်။

သမ္မတ မာဒူရိုကမူ ယခုဆန္ဒပြမှုများက ၎င်းအား ဖြုတ်ချရန် အမေရိကန် နောက်ခံပြုသည့် အာဏာသိမ်းကြံစည်မှု၏ အစိတ်အပိုင်းတစ်ရပ်သာဖြစ်ကြောင်း ပြောသည်။

စေ့စပ်ဆွေးနွေးမှုများ ပြန်စရန် အတိုက်အခံများက သဘောတူလိုက်ပြီဖြစ်ကြောင်း မာဒူရိုက ဧပြီ ၂၀ ရက်တွင် ပြောသော်လည်း အတိုက်အခံများကမူ ယင်းပြောကြားချက်ကို ငြင်းဆန်ပြီး ရွေးကောက်ပွဲများ ကျင်းပပေးရေးသာ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags