လိုအပ်ချက်တွေရှိနေသည့် စည်ပင်ဥပဒေကို စင်ကာပူနှင့် ပူးပေါင်းပြီး ပြန်ပြင်ရေးဆွဲနေ

လိုအပ်ချက်တွေရှိနေသည့် စည်ပင်ဥပဒေကို စင်ကာပူနှင့် ပူးပေါင်းပြီး ပြန်ပြင်ရေးဆွဲနေ
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး။

ရန်ကုန်၊ ဧပြီ ၂၁ ။      ။ စည်ပင်သာယာရေးဥပဒေဟာ မပြည့်စုံဘဲ လိုအပ်ချက်နေတာကြောင့် စင်ကာပူနိုင်ငံက ပညာရှင်များနှင့် ပူးပေါင်းပြီးပြန်ပြင်ရေးဆွဲနေသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မဇ္ဈိမသို့ ပြောသည်။

“တကယ်တန်းတော့ အမှန်တိုင်းပြောရင် ရှက်ဖို့တောင် ကောင်းပါတယ်။ ၁၉၂၂ ခုနှစ် စည်ပင်ဥပဒေလောက်တောင်မှ အခုဆွဲထားတဲ့ စည်ပင်ဥပဒေက တော်တော်ကို မပြည့်စုံဘူး” ဟု ၎င်းက ပြောဆိုသည်။
 
ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီးခန်းမတွင် ပြုလုပ်ခဲ့သည့် ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဂုဏ်ပြုပွဲအခမ်းအနားတွင် ၎င်းက မီဒီယာများ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် စင်ကာပူကပညာရှင်များနှင့် မြန်မာနိုင်ငံက ဥပဒေကပညာရှင်များ ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ၆ လခန့်ကြာမြင့်နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန်ကဆိုသည်။

လက်ရှိရန်ကုန်မြို့တော်စည်ပင်တွင် ကျင့်သုံးနေသည့် နည်းဥပဒေသည် ဥပဒေထက်ကျော်လွန်ပြီး လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

“ဥပဒေက နည်းဥပဒေရှိတယ်လေ ဥပဒေရှိပေမယ့် နည်းဥပဒေက လုပ်ချင်တိုင်းလုပ်ပြီးတော့ ဥပဒေကိုလွှမ်းထားတဲ့ ဥစ္စာမျိုးတွေဖြစ် ဆိုလိုချင်တာက ကိုယ်လိုချင်တဲ့အပိုင်းလေးတွေကိုယ်ပြင်လိုက် နည်းဥပဒေဆွဲတဲ့ဥစ္စာ တချို့နည်းဥပဒေတွေက ဥပဒေကို ကျော်သွားတာတွေရှိတယ်။ အဲ့တာကို တော်တော်များများ
လူကြီးတွေ နိုင်ငံခေါင်းဆောင်တွေကမကြိုက်ဘူး။ ဥပဒေနဲ့ စနစ်တကျဖြစ်ရမယ်ပြီးလို့ရှိရင် နည်းဥပဒေသည် ဥပဒေကိုကျော်လွှမ်းလို့မရဘူး" ဟု ဦးမောင်မောင်စိုးကပြောသည်။

ထို့အပြင် စည်ပင်သာယာလက်ရှိဥပဒေသည် ပြည့်စုံမှုမရှိဘဲ ရေးဆွဲထားသည့်အတွက်ကြောင့် စည်ပင်ရွေးကောက်ပွဲတွင် မဲဝယ်သည့်ကိစ္စနှင့် အလွဲသုံးစားလုပ်မှုလိုကိစ္စများဖြစ်လာနိုင်ကြောင်း ၎င်း၏ပြောပြချက်အရသိရသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာက ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ နည်းစနစ်မှားယွင်းမှုများနှင့် လုပ်ထုံးလုပ်နည်းအားနည်းမှုတွေများစွာရှိသည်ဟု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေက ဝေဖန်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly