သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူအား သတ်သူကို ဖမ်းမိဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူအား သတ်သူကို ဖမ်းမိဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
ဓာတ်ပုံ - Yangon Police

ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ဦးဝေယံဟိန်းကို သတ်သည့် တရားခံဟု ယူဆရသူကို ဖမ်းမိပြီဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၁ရက်တွင် ထုတ်ပြန်လိုက်သည်။

သေဆုံးသူ ဝေယံဟိန်းသည် လွန်ခဲ့သော ၈လခန့်က ဖေ့စ်ဘုတ်မှတစ်ဆင့် တွေ့ရှိသူ အမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး မကြာခဏချိန်းတွေ့ခဲ့ကြောင်း အဆိုပါ အမျိုးသမီးမှာ နိုင်ငံခြားသင်္ဘောသား ဦးအောင်ကိုကို၏ ဇနီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးအောင်ကိုကိုမှာ ၂၀၁၆ အောက်တိုဘာလတွင် စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာစဉ် ၎င်းတို့မိသားစုနေထိုင်သော မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိနေအိမ်ရှေ့တွင် ကားတစ်စီးရပ်ထားသည်ကို၎င်းမှ တွေ့မြင်ခဲ့ပြီး ၎င်းကားမှာထွက်ပြေးသွားသဖြင့် ဇနီးဖြစ်သူအားမေးမြန်းရာ ဦးဝေယံဟိန်း၏ကားဖြစ်ကြောင်း သိရသည်ဟု ဆိုသည်။

ဦးအောင်ကိုကိုက ဦးဝေယံဟိန်းထံ ၂၀၁၇ခုနှစ်၊ ဧပြီ ၁၂ရက်က ဖုန်းဆက်စုံစမ်းကာ ကန်တော်ကြီးဥယျာဉ်သို့ ချိန်းဆိုခဲ့ကြောင်း၊ ဧပြီ ၁၄ရက်တွင် ဦးဝေယံဟိန်းမှ ဦးအောင်ကိုကိုထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ဦးအောင်ကိုကို၏ ဇနီးနှင့် သားဖြစ်သူအား ဒဂုံဧရာအဝေးပြေးဝင်းတွင် တွေ့ရှိကြောင်း အကြောင်းစုံသိလိုပါက ၎င်းနေထိုင်သည့် သံမဏိနှင်းဆီဂျာနယ်တိုက်သို့ လာရောက်ရန် ချိန်းဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဂျာနယ်တိုက်သို့သွားရောက်ချိန်တွင် ဦးဝေယံဟိန်းမှ ဦးအောင်ကိုကို၏ ဇနီးမှာ ၎င်းတစ်ဦးတည်းနှင့် လူမှုရေးဖောက်ပြန်ခြင်းမဟုတ်ကြောင်း စသဖြင့် ပြောဆိုရာမှ စကားများကာ စားပွဲရှိ ဓားဦးချွန်ဖြင့် ဦးဝေယံဟိန်း၏ ဝမ်းဗိုက်ကို ၁၄ချက်၊ ၁၅ချက် ထိုုးနှက်ခဲ့ကြောင်း ဆိုသည်။

ဧပြီ ၁၅ရက် ညနေတွင် ၎င်း၏မိဘများရှိရာ ပြင်ဦးလွင်မြို့၊ ငါးရံ့ချောင်းရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူ အောင်ကိုကို၀တ်ဆင်ခဲ့သည့် ဂျင်းဘောင်းဘီနှင့် တီရှပ်တို့အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၅)လမ်းရှိ နေအိမ်မှသိမ်းဆည်းရမိခဲ့ပြီး အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများဖြစ်သည့် လက်တော့နှင့် iPhone SE တို့အားအောင်ကိုကိုမှ ဇနီးဖြစ်သူနှင့် ပြင်ဦးလွင်သို့သွားရောက်စဉ် Feel စားသောက်ဆိုင်အနီးရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်းနှင့် အခင်းဖြစ်စဉ် အသုံးပြုသည့်ဓားကိုလည်း ဂျာနယ်စက္ကူဖြင့်ထုပ်ပိုးပြီး ဂျာနယ်တိုက် မျက်စောင်းထိုးရှိ အမှိုက်ပုံးတွင်လွင့်ပစ်ထားခဲ့ကြောင်းသိရှိရသဖြင့် သက်သေခံပစ္စည်းများ သိမ်းဆည်း ရမိရေးအတွက် ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly