မတ္တရာမြို့နယ်တွင်​ တောင်သူလယ်သမားကိစ္စရပ်များနှင့်ပြည်သူ့ရေးရာ ကိစ္စရပ်များ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမည်

မတ္တရာမြို့နယ်တွင်​ တောင်သူလယ်သမားကိစ္စရပ်များနှင့်ပြည်သူ့ရေးရာ ကိစ္စရပ်များ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမည်

မန္တလေး၊ ဧပြီ ၂၀ ။              ။ မြို့နယ်အဆင့် တောင်သူလယ်သမားကိစ္စရပ်များနှင့်ပြည်သူ့ရေးရာကိစ္စရပ်များ စေ့စပ်ညှိနှိုင်းရေးကော်မတီကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ မြေသိမ်းခံတောင်သူများက ဦးဆောင်၍  ဧပြီလ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းသွားမည်ဟု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲရင့်အောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါအသင်းဖွဲ့စည်းရခြင်းမှာ မတ္တရာမြို့နယ်အတွင်းရှိ မြေသိမ်းခံတောင်သူများ၏ လယ်ယာမြေများ ပိုင်ဆိုင်မှုအထောက်အထားများနှင့် လျင်မြန်စွာ လက်ဝယ်ရရှိရေး၊ မြို့နယ်အတွင်း မမှန်မကန် အနိုင်ကျင့်ခံနေရသော ပြည်သူတို့၏ ကိစ္စရပ်များအား မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတို့အကြား မည်သူမျှ မနစ်နာစေရန် သမာသမတ်ကျကျ ဝင်ရောက်စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်တို့အတွက်ဖြစ်သည်ဟု ဦးရဲရင့်အောင်က ဆိုသည်။

"ဒီအဖွဲ့အနေနဲ့ တောင်သူတွေ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေပေါ်မူတည်ပြီး အဖြေရှာညှိနှိုင်းဆောင်ရွက်ပေးသွားမယ်။ ပြဿနာအကြီး၊ အသေးပေါ်မူတည်ပြီး ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့ ပူပေါင်းညှိနှိုင်း အဖြေရှာသွားပါမယ်။"ဟု ဦးရဲရင့်အောင်က ပြေညသည်။

မတ္တရာမြို့နယ်တွင် ၁၉၈၆ခုနှစ်မှ ၁၉၉၅ခုနှစ်အထိ ဌာနဆိုင်အရာအသီးသီးက သိမ်းယူထားခဲ့သည့် လယ်ယာမြေဧက သုံးသောင်းကျော်ရှိနေပြီး ၎င်းသိမ်းဆည်းမြေမျာ ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့သော မူလပိုင်ရှင်တောင်သူ ၄၀၀ဦးခန့် တရားစွဲဆိုခံနေရဆဲဖြစ်သည်ဟု ဦးရဲရင့်အောင်က ဆိုသည်။

"တရားစွဲဆိုခံနေရတဲ့ တောင်သူတွေရဲ့ အမှုကို ပယ်ဖျက်ပေးဖို့နဲ့ သိမ်းဆည်းခံမြေတွေ မူလတောင်သူထံ မှန်မှန်ကန်ကန် လက်ဝယ်ပြန်ရဖို့ အဓိက လုပ်ဆောင်ပါမယ်။"ဟု ဦးရဲရင့်အောင်က ပြောသည်။

အဆိုပါအဖွဲ့ ဖွဲ့စည်းခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားပြီးဖြစ်သည်ဟု ဦးရဲရင့်အောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly