ရုပ်သံလိုင်းသစ်တွေရဲ့ စိန်ခေါ်မှုတွေနဲ့ မြန်မာ့မီဒီယာအခင်းအကျင်းသစ်

ရုပ်သံလိုင်းသစ်တွေရဲ့ စိန်ခေါ်မှုတွေနဲ့ မြန်မာ့မီဒီယာအခင်းအကျင်းသစ်
(ဓာတ်ပုံ - အီးပီအေ)

မဇ္ဈိမ၊ ကောင်းမြန်မာအောင််၊ Young Investment Group ၊ DVB၊ Fortune International တို့ ရုပ်သံလွှင့်လုပ်ငန်းရသွားတာနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ မီဒီယာအခင်းအကျင်းအပြောင်းအလဲကို ပြောချင်လို့ပါ။ သတင်းစာ၊ ဂျာနယ်တွေ ရပ်နားမှုတွေဖြစ်၊ သတင်းထောက်တွေ အလုပ်ပြုတ်တာတွေ ဖြစ်နေချိန် ရုပ်သံလွှင့်ခွင့်အဖြေထွက်လာတာ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကောင်းတဲ့အလားအလာပါ။

နည်းနာအရပြောရရင် အခုစာမေးပွဲအောင်တဲ့ ငါးဖွဲ့ဟာ ပြန်ကြားရေးဝန်ကြီးဌာနအောက် ရုပ်သံလွှင့်လုပ်ငန်း ဒစ်ဂျစ်တယ်စနစ်အခမဲ့ကြည့်ရှု့ခွင့်အောက်မှာ သတင်း၊ အင်ဖော်မေးရှင်းနဲ့ ဖျော်ဖြေရေးတွေ ထုတ်လုပ်ပေးပို့ခွင့်ရှိသူ Content Providers တွေဖြစ်ပါတယ်။ ရေရှည်အတွက် ရင်းနှီးမြုပ်နှံမှုအပါအဝင် ဘယ်လိုသတင်းအကြောင်းအရာ အစီအစဉ်တွေ ထုတ်လုပ်မယ်ဆိုတဲ့ စီမံကိန်းချထားမှု၊ သတင်းခန်း ဖွဲ့စည်းတည်ဆောက်မှု၊ အများပြည်သူဝန်ဆောင်မှု၊ စီးပွားရေးအရ မျှော်မှန်းစီမံထားမှုနဲ့ စက်ပိုင်းဆိုင်ရာအတွက် စီမံကိန်းတွေကို တင်ပြအဆိုပြုကြပြီး အခွန်ကြေမှုတွေကိုလည်း ထည့်သွင်းဆုံးဖြတ်တယ်လို့ အကြမ်းမျဉ်းနားလည်ထားပါတယ်။

ပုံနှိပ်မီဒီယာမှာ ထိပ်တန်းတစ်ခုဖြစ်ပြီး ရုပ်သံလွှင့်လုပ်ကိုင်နိုင်ဖို့အတွက် ဝန်ထမ်းဖြည့်တင်းမှုနဲ့ ပြင်ဆင်မှုတွေလုပ်နေခဲ့တဲ့ အလဲဗင်းမီဒီယာမပါတဲ့အတွက် သတင်းလောကထဲ မေးခွန်းတွေတော့ ရှိနေပါတယ်။ အစိုးရအနေနဲ့ နောက်ဆုံးအဆင့်မှာ ဘယ်လိုမူဝါဒတွေနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာ မကြေညာပါဘူး။ အဲဒီတော့ တွဲပါလာတဲ့ ထင်ကြေးပေးကောက်ချက်ချမှုတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ဖြစ်တဲ့ အမှုနဲ့ပတ်သက်ဆက်နွယ်တယ်ဆိုတာမျိုးပေါ့။ ထားတော့။ ဒီမှာ အဓိကပြောချင်တာကတော့ မီဒီယာအခင်းအကျင်း၊ ဝင်ငွေလမ်းကြောင်းတွေဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ရုပ်သံကြည့်ရှု့သူအရေအတွက်က အခုဆိုရ ၂၂ သန်းခွဲ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ MRTV ကို ကြည့့်တဲ့သူက ၁၄ သန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ တီဗီကြည့်တဲ့သူအရေအတွက်တိုးမှုက အားကောင်းနေတုန်းပါပဲ။ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးတဲ့နောက်ပိုင်း မီဒီယာတွေအားလုံးမှာ ကြော်ငြာအသုံးပြုမှုက တက်လာခဲ့နေတာပါ။ ရုပ်သံချည်းသက်သက် ကြော်ငြာအားက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၃၅ သန်းလောက်ရှိပါတယ်။ တီဗီကြည့်သူအရေအတွက်နဲ့ ကြော်ငြာနဲ့ ယေဘုယတိုက်ရိုက်အချိုးကြတော့ ကြော်ငြာအားလည်း တိုးမယ်ဆိုတဲ့သဘောပေါ့။

ဒါပေမယ့် နဂိုရှိရင်းစွဲ စကိုင်းနက်၊ ဖော်အဲဗား၊ MRTV၊ မြဝတီတို့နဲ့ ကြော်ငြာကို ၀င်ပြိုင်ကြရမှာဖြစ်ပါတယ်။ နာပါ။ စကိုင်းနက်နဲ့ ဖော်အဲဗားက ငွေပေးကြည့်ရတာဖြစ်ပါတယ်။ အခု ငါးလိုင်းက ဒစ်ဂျယ်တစ်စနစ် Digital Video Broadcasting (DVB-T2) ဖမ်းယူစက်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ (မှတ်ချက်။ ။ Democratic Voice of Burma ရဲ့အတိုကောက် DVB နဲ့ မရောထွေးဖို့လိုပါတယ်။) ဒီဖမ်းစက်နဲ့ တီဗီနဲ့ ချိတ်ဆက်ဖမ်းယူရင် လက်ရှိမှာ လိုင်း ၂၀ လောက်မိပါတယ်။

အားသာချက်ကတော့ အခမဲ့ကြည့်တဲ့လိုင်းဖြစ်တာ။ စိန်ခေါ်မှုက ရုပ်သံလူကြည့်များချိန် Prime Time မှာ ပရိတ်သတ်လူ့ရမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စနစ်အောက်ကြည့်တာကလည်း ၂ သန်းဝန်းကျင်ပဲဖြစ်ပါတယ်။

တဘက်မှာလည်း ရုပ်သံမှာ ငွေရှာပေးတာ အားအကောင်းဆုံးက ဖျော်ဖြေရေးပါ။ သတင်းက တာဝန်လည်း ကြီးသေး၊ ငွေသုံးတဲ့ကဏ္ဍလည်းဖြစ်သေးပါ။ ဒါပေမယ့် သတင်းအချက်အလက်က တိုင်းပြည်လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် အဖိုးထိုက်တန်တဲ့ ရတနာပါ။ အဲဒီတော့ ဖျော်ဖြေရေးပရိုဂရမ်ကောင်းကောင်းတွေ ဒီဇီုင်းဆွဲနိုင်တဲ့သူတွေ စားပြီး မပေါက်တဲ့သူတွေ အရှုံးပေါ်ပါလိမ့်မယ်။ မှတ်တမ်းတွေအရ ပြောရရင် မဇ္ဈိမက ဗျူဟာအရ ရှယ်ယာပါတနာရွေးချယ်မှုသာတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Fox က အမေရိကန်မှာ ထိပ်တန်း ကြော်ငြာအရအဆုံး မီဒီယာကုမ္ပဏီအနေနဲ့ ဆက်လက်ဗိုလ်စွဲနေလို့ပါပဲ။ ကောင်းမြန်မာအောင်လို ရင်းနှီးမြုပ်နှံမှုများများ ပုံအောမယ့်သူတွေကြတော့လည်း အသာရမှုတစ်မျိုးပေါ့။ ဒါ့အပြင် တစ်ခြား ရုပ်သံထုတ်လုပ်ရေးအတွေ့အကြံုရှိထားပြီးဖြစ်တဲ့ DVB တို့၊ MCN နဲ့ ဆက်စပ်တဲ့ Fortune တို့လည်း အတွေ့အကြံုရဲ့ အားသာချက်တွေရှိပါတယ်။  

လက်ရှိ မြန်မာပြည်ရဲ့ မီဒီယာအခင်းအကျင်းနဲ့ စျေးကွက်ကို ကြည့်တဲ့အခါ ကမ္ဘာ့ရေစီးကြောင်းနဲ့ မတူတာတွေလည်းရှိတယ်။ ကမ္ဘာမှာက အများအားဖြင့် သတင်းစာ၊ ရုပ်သံတွေမှာ ကြော်ငြာတွေ ကျဆင်းလာပြီး အွန်လိုင်းဘက်ကို ရွှေ့နေတာပါ။ ရေရှည်မှာတော့ မြန်မာ့မီဒီယာစျေးကွက်လည်း ကမ္ဘာ့ရေစီကြောင်းလို ကြံုရနိုင်ပါတယ်။ ရေရှည်အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။

သေချာပေါက်ပြောနိုင်တာကတော့ အွန်လိုင်းကို ချိတ်ဆက်မှသာ ပိုအကျိုးကျေးဇူးခံစားရမှာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်က Center for Advanced Journalism ရဲ့ ညွှန်ကြားရေးမှူး Margaret Simos ရေးတဲ့ ဂါးဒီးယန်းသတင်းစာပါ ဆောင်းပါးတစ်ပုဒ်အရဆိုရင် ကမ္ဘာမှာ ဂျာနယ်လစ်ဇင်ဟာ အကြပ်အတည်းအသစ်တခုတစ်ခုကို ကြံုနေရပါပြီတဲ့။ ကျွန်တော်တို့တွေ အမှောင်ခေတ်ကို ဝင်ရောက်နိုင်ခြေရှိတယ်လို့ ရေးထားပါတယ်။ စိတ်ဝင်စားစရာပါ။

သူ့အဆိုအရ အင်တာနက်ခေတ်ရောက်လာတဲ့အခါ ဂျာနယ်လစ်ဇင်ရဲ့ မူလဘူတက ကျုံဝင်သွားတယ်။ ရိုးရာအတိုင်းဆိုရင် သတင်းအကြောင်းအရာတွေကို ပေးပြီး ပရိတ်သတ်ကိုခေါ်၊ ကြော်ငြာတွေထည့်ပြကြတာပေါ့။ ဒါပေမယ့် ကမ္ဘာ့ရေစီးကြောင်းက မိသားစုလိုက် တီဗီကြည့်တယ်ဆိုတာ နည်းလာတယ်။ ဖုန်းပွတ်ကြတယ်၊ လက်ပ်တော့မှာ ကြည့်ကြတယ်။ မိသားစုလိုက် တီဗီကြည့်တယ်ဆိုတာ ရှားလာပြီတဲ့။

အရင်က သတင်းစာမှာ၊ ရုပ်သံမှာ သတင်း၊ ဆောင်းပါးတွေနဲ့ ကြော်ငြာတွေရယ်တွဲပါတယ်။ ခွဲလိုချင်လို့မရဘူး။ အခု အွန်လိုင်းမှာကြတော့ ကြော်ငြာတွေ သီးခြားစီဖြစ်သွားပြီ။ ကာယလေ့ကျင့်ရုံလား၊ ကားရောင်းတာလား၊ ကျောက်မျက်လား၊ သီချင်းခွေလား၊ အိမ်ခြံမြေလား၊ သီးခြားတွေဖြစ်ကုန်တယ်။ သတင်းအတွက် ပိုက်ဆံပေးမှ ကြော်ငြာဖတ်ရမှာ မဟုတ်တော့ဘူး။

အွန်လိုင်းကြော်ငြာခတွေကလည်း သက်သာတော့  သတင်းစာတွေ၊ တီဗီတွေဆီကနေ အွန်လိုင်းဘက်ကို ရွှေ့လာကြတယ်။ ဒါပေမယ့် အဲဒီအတွက် ထုတ်ဝေသူတို့၊ သတင်းတိုက်ပိုင်ရှင်တို့တွေရတဲ့ ပိုက်ဆံဟာ သတင်းစာ၊ တီဗီတို့မှာ ရတာနဲ့စာရင် ပိစိကွေးလေးပဲဖြစ်တယ်။

ဒီမှာကောင်းစားသွားစေတာကတော့ ဂူဂဲလ်တို့၊ ဖေ့စ်ဘွတ်တို့ပဲဖြစ်တယ်။ အင်တာနက်ဆိုတာနဲ့ သူတို့နဲ့ မလွတ်တော့ဘူး။ အဲဒီကုမ္ပဏီတွေ ဂျာနယ်လစ်တွေကို အလုပ်ပေးတာမဟုတ်ဘူး။  ဒါပေမယ့် ပရိတ်သတ်ဟာ ဘယ်သတင်းတွေ၊ ဘယ်ကြော်ငြာတွေ စိတ်ဝင်စားမယ်ဆိုတာကို သူတို့မှာ algorithm မှတ်တမ်းတွေရှိနေပြီ။ အနောက်ကမ္ဘာမှာတော့ ကြော်ငြာအတွက် တစ်ဒေါ်လာသုံးတိုင်း ၉၀ ဆင့်က ဂူဂဲလ်နဲ့ ဖေ့စ်ဘွတ်တို့ရဲ့ အိတ်ထောင်ထဲရောက်ပါတယ်လို့ ဆိုပါတယ်။

အင်တာနက်မှာ အနှောက်အယှက်တွေကလည်း ပိုတိုးလာတယ်။ သတင်းအတုတွေပေါ့။ ဥပမာ- အမေရိကန်နဲ့ မြောက်ကိုရီးယားတွေတောင် မသိလိုက်ဘူး၊ မြန်မာပြည်် ဖေ့စ်ဘွတ်လောကမှာ တတိယကမ္ဘာစစ်ဖြစ်ဖို့ ရ၂ နာရီပဲ လိုတော့တယ်ဆိုတာ လွှမ်းခြံုနေပြီ။

မြန်မာပြည်မှာ ဂျာနယ်လစ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျစာရင်းမရှိဘူး။ လူပြောများတဲ့ ခန့်မှန်းစကားကတော့ ၄၀၀၀ ကျော်ပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ဂျာနယ်လစ်ဘယ်နှစ်ယောက် အလုပ်ပြောင်းသွားတယ်ဆိုတာလည်း ပြောဖို့ခက်ပြန်တယ်။ သတင်းတိုက်တွေ ဖွင့်လိုက်ကြ၊ ပြီးတော့ အလျှိုလျှိုပြန်ပိတ်လိုက်ကြဖြစ်တာကြောင့်အပြင် အလုပ်သဘောကလည်း ပြောင်းသွားတယ်။ အွန်လိုင်း ဝက်ဘ်ဆိုက်အသစ်တွေပေါ်လာတယ်။ ကျန်းမာရေး၊ လူမှုရေး၊ လိုင်မှုကိစ္စ ၊ ဗေဒင်၊ဖက်ရှင် စသဖြင့် အစုံအစုံပါပဲ။ အဲထဲမှာမှ အများအားဖြင့်က သတင်းထွက်လိုက်တာမဟုတ်ဘဲ စားပွဲပေါ်ကနေ ရေးသားနေကြတာလည်းဖြစ်ပြန်တယ်။ သူတို့ကို သတင်းထောက်တွေရယ်လို့ သိရှိကွဲပြားမှု ရှင်းရှင်းလင်းလင်း မရှိတော့ဘူး။

သြစတြေးလျမှာတော့ ငါးနှစ်အတွင်း ဂျာနယ်လစ် ၃၀၀၀ ကျော် အလုပ်ပြုတ်သွားခဲ့တယ်လို့ ၂၀၁၃ ခုနှစ်တုန်းက ခန့်မှန်းခဲ့ကြတယ်။ အမေရိကန်မှာတော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဂျာနယ်လစ် ၁၅ ရာခိုင်နှုန်းလောက် ပျောက်သွားခဲ့တယ်လို့ ဆိုတယ်။ ဆက်ပြီးတော့လည်း လူလျှော့တာတွေဆက်ဖြစ်နေတုံးပါပဲ။

တိုးလာတာကတော့ ကမ္ဘာတဝှမ်းလုံး အွန်လိုင်းတွေပါပဲ။ ဒေသန္တရအလိုက်၊ ကဏ္ဍတွေအလိုက် ပေါ်ထွက်လာတာ။ အွန်လိုင်းဖြစ်တော့ ရင်းနှီးမြုပ်နှံရတဲ့ပမာဏ၊ လည်ပတ်တဲ့ငွေပမာဏက နည်းတယ်မဟုတ်လား။ အရင်က သမရိုးကျ ပုံနှိပ်၊ တီဗီ၊ ရေဒီယို စသဖြင့် လုပ်နေတဲ့သတင်းတိုက်ကြီးတွေကလည်း အွန်လိုင်းဘက်ကို ဖြန့်ချိတ်ဆက်လုပ်လာကြတယ်။ အပြောင်းအလဲဆို နှောင့်နှေးတဲ့ ကျွန်တော်တို့ဆီက ပြန်ကြားရေးဝန်ကြီးဌာနအောက်က ထုတ်လုပ်မှုတောင် ဒစ်ဂျစ်တယ်ပြောင်းရေးဆိုပြီး မကြာခင်က တွန်းလာခဲ့တာကြည့်လေ။

ရှေ့အလားအလာမှာတော့ သတင်းတိုက်အသေးတွေ ပိုပေါလာမယ်၊ သတင်းရယ်၊ ကြော်ငြာရယ်၊ ကြော်ငြာသတင်းရယ် မကွဲတာ ပိုများလာပါလိမ့်မယ်လို့ Margaret Simons က ဟောကိန်းထုတ်ပါတယ်။

ဆိုရှယ်မီဒီယာကုမ္ပဏီတွေ သတင်းအရည်အသွေးကောင်းဖို့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ သူက တရုတ်ပြည်က WeChat ကို ဥပမာပေးပါတယ်။  အရင်တုန်းက တရုတ်မှာ သတင်းလုပ်လို့ ထောင်ကျတန်းကျတဲ့သူတွေတောင် Tencent မှာ ဝင်လုပ်နေကြလို့ ဝင်ငွေတွေ ကောင်းကုန်ပြီလို့ သူက ပြောပါတယ်။

အခင်းအကျင်းတွေ ပြောင်းတိုင်း အကုန်လုံး ဆုံးရှုံးမှုတွေဖြစ်တာတော့ မဟုတ်ပါဘူး။ အခင်းအကျင်းအသစ်နဲ့ ကိုက်ညီအောင် အကောင်းဆုံးပြောင်းနိုင်တဲ့သူတွေ အောင်မြင်မှုတွေ ဆွတ်ခူးသွားကြတာမဟုတ်လား။
 
မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ပါစေ။

​ဆောင်​းပါးရှင်​် ဦးစိန်​ဝင်​းသည်​ Myanmar Journalism Institute ၏ Training Director တစ်​ဦးဖြစ်​ပြီး ဝါရင်​့မီဒီယာသမားတစ်​ဦးလည်​းဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly