ယခုလကုန်ပိုင်းတွင် ဥရောပ ၄နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ချစ်ကြည်ရေးခရီး သွားရောက်မည်

ယခုလကုန်ပိုင်းတွင် ဥရောပ ၄နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ချစ်ကြည်ရေးခရီး သွားရောက်မည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီလ ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်သည် ယခု ဧပြီလကုန်ပိုင်းတွင် ဥရောပ ၄နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။

“ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်ပါပဲ။ ဘယ်နှစ်ရက်ကြာမယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ပေးသွားမှာပါ” ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့် ဥရောပ ခရီးစဉ်များမှာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံများဖြစ်သည်။

အဆိုပါ ခရီးစဉ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နိုင်ငံသို့ ဆက်လက်သွားရောက်ရန်ရှိနေသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

“ဒီ(ဥရောပ)နိုင်ငံတွေပြီးရင်တော့ တရုတ်ပြည်ကို တစ်ခါထဲ ဝင်ရောက်မှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာလုပ်မယ့် ဖိုရမ်တစ်ခုကို အတိိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်မှာ ဖြစ်ပါတယ်။ ရက်အတိအကျကိုတော့ ခရီးမထွက်ခွာမီမှာ သတင်းထုတ်ပြန်သွားမှာပါ” ဟု ဦးဇော်ဌေးက ပြောသည်။

ထိုခရီးစဉ်တွင် ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် အီတလီနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရတာဝန်ယူပြီး တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးသွားရောက်မည့် ခရီးစဉ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗြိတိန်နိုင်ငံသို့ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလအတွင်းက သွားရောက်ခဲ့သလို ၂၀၁၆ခုနှစ်၊ ဩဂုတ်လအတွင်းကလည်း တရုတ်နိုင်ငံသို့ အစိုးရတာဝန်ယူပြီးနောက် ပထမဆုံးအဖြစ် သွားရောက်ခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly