သင်္ကြန်နှင့် ဆက်နွယ်ဖြစ်ပွားသော အမှုပေါင်း ၂၀၈မှု၊ သေဆုံးသူ ၁၆ဦးသာရှိဟု ထပ်မံထုတ်ပြန်

သင်္ကြန်နှင့် ဆက်နွယ်ဖြစ်ပွားသော အမှုပေါင်း ၂၀၈မှု၊ သေဆုံးသူ ၁၆ဦးသာရှိဟု ထပ်မံထုတ်ပြန်
၂၀၁၇ မဟာသြင်္ကန်အကြတ်နေ့က မန္တလေးမြို့ရှိ လမ်းလျှောက်သြင်္ကန်မြင်ကွင်းတစ်ခု (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၇ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း တနိုင်ငံလုံးတွင် သင်္ကြန်နှင့်ဆက်နွယ်ဖြစ်ပွားသော အမှုပေါင်း (၂၀၈)မှု၊ သေဆုံးသူ (၁၆)ဦးနှင့် ဒဏ်ရာရရှိသူ (၁၉၄)ဦး ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၁၉ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၁၇ရက်တွင် သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ကြန်နှင့်ပတ်သက်သော ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားခဲ့ပြီး ၂၈၅ဦး သေဆုံးကာ ဒဏ်ရာရရှိသူမှာလည်း ၁၀၇၃ ဦး ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းထုတ်ပြန်မှုသည် သင်္ကြန်နှင့်မပတ်သက်သည့် သေဆုံးသူ ၂၆၉ဦးကို သင်္ကြန်နှင့်ဆက်နွယ်သေဆုံးသည့် ၁၆ဦးနှင့်ပေါင်းကာ စုစုပေါင်း သေဆုံးသူ ၂၈၅ဦးအား သင်္ကြန်နှင့်ဆက်သွယ်သေဆုံးသူစာရင်းဟု လွဲမှားသွားခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုသည်။

"သို့ပါ၍ မဟာသင်္ကြန်ကာလ အကြိုနေ့မှ အတက်နေ့အတွင်း သင်္ကြန်နှင့်ဆက်နွယ်ဖြစ်ပွားသော အမှုပေါင်း (၂၀၈)မှု၊ သေဆုံးသူ (၁၆)ဦး၊ ဒဏ်ရာရရှိသူ (၁၉၄)ဦး၊ သင်္ကြန်နှင့် မပတ်သက်သည့်ဖြစ်ပွားသော အမှုပေါင်း (၉၉၂)မှု၊ သေဆုံးသူ (၂၆၉)ဦး၊ ဒဏ်ရာရရှိသူ (၈၇၉)ဦး ရှိခဲ့ရာ သင်္ကြန်ကာလအတွင်း စုစုပေါင်းမှုခင်းဖြစ်ပွားမှု (၁၂၀၀)၊ သေဆုံးသူ (၂၈၅)ဦးနှင့် ဒဏ်ရာရရှိသူ (၁၀၃၇)ဦး ရှိခဲ့ကြောင်း” ပြင်ဆင်ဖြည့်စွက်ဖတ်ရှုပေးပါရန်ဟု ပြန်ကြားရေးဝန်ကြီးဌာနက  ဧပြီလ ၁၉ရက်တွင် မေတ္တာရပ်ခံထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly