ချန်ပီယံလိဂ်ဂိုး ၁၀၀ သွင်းနိုင်သော ပထမဆုံးကစားသမား ဖြစ်လာသည့် ရော်နယ်ဒို

ချန်ပီယံလိဂ်ဂိုး ၁၀၀ သွင်းနိုင်သော ပထမဆုံးကစားသမား ဖြစ်လာသည့် ရော်နယ်ဒို
(ဓာတ်ပုံ - အီးပီအေ)

ဧပြီ ၁၉၊ မက်ဒရစ်။    ။ ဘိုင်ယန်မြူးနစ်ကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒု-အကျော့ပွဲစဉ်တွင် ဟက်ထရစ်သွင်းဂိုးရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

ရော်နယ်ဒိုမှာ ဘိုင်ယန်ကို ၂ - ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပထမအကျော့ပွဲစဉ်အပြီးတွင်လည်း ဥရောပသွင်းဂိုး ၁၀၀ ပြည့်ခဲ့ကာ ချန်ပီယံလိဂ်သွင်းဂိုး ၉၇ ဂိုးရခဲ့သည့်အတွက် ဒု-အကျော့တွင် သုံးဂိုးသွင်းနိုင်ပြီးနောက် ချန်ပီယံလိဂ်ဂိုး ၁၀၀ ပြည့်ခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး ၁၀၀ ဖြင့် ဂိုးအများဆုံးကစားသမားစာရင်းကို ဦးဆောင်နေပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၉၄ဂိုးဖြင့် ဒုတိယ၊ ရီးယဲလ်နှင့် ရှော်လ်ကေးတိုက်စစ်မှူးဟောင်း ရာအူးလ်က ရ၁ ဂိုးဖြင့် တတိယ၊ မန်ယူနှင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းက ၅၆ ဂိုးဖြင့် စတုတ္ထနေရာများတွင် အသီးသီးရပ်တည်နေသည်။

ရော်နယ်ဒိုမှာ မန်ယူမှ ရီးယဲလ်သို့ပြောင်းရွှေ့လာပြီးနောက် ၈ နှစ်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၂၆၀ ကစားထားကာ ၂၇၉ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်သည်။

ရော်နယ်ဒိုမှာ ယခုနှစ်ချန်ပီယံလိဂ်တွင်လည်း သွင်းဂိုး ရ ဂိုးရထားပြီး သွင်းဂိုးအများဆုံး ကစားသမား မက်ဆီထက် ၄ ဂိုးလျော့နည်းကာ စတုတ္ထနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly