မာရသာမုန်တိုင်းကြောင့် ဆုံးရှုံးမှုတန်​ဖိုး ကျပ်သိန်း ၄၀၀ နီးပါးရှိဟု ကနဦးထုတ်​ပြန်​

မာရသာမုန်တိုင်းကြောင့် ဆုံးရှုံးမှုတန်​ဖိုး ကျပ်သိန်း ၄၀၀ နီးပါးရှိဟု ကနဦးထုတ်​ပြန်​
မဟာသြင်္ကန်အတက်နေ့ ဧပြီ ၁၆ရက် နံနက် ၁၀နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးထိပ်ရှိ လုံးပတ်(၃)ပေခန့်ရှိ
မဟော်ဂနီပင်မှာ အမြစ်မှကျွတ်၍လမ်းပေါ်သို့လဲကျခဲ့ရာ ဓါတ်ကြိုးပေါ်သို့ ပိမိပြီး ဓါတ်တိုင်(၅)တိုင်ကျိုးကျခဲ့သည်။ (ဓာတ်ပုံ - သူရ/မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၁၈ ။            ။ ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် အားလုံးအတိုင်းအတာဖြင့် ကျပ်သိန်း ၃၀၀ ကျော် ၄၀၀ နီးပါးထိခိုက်ဆုံးရှုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်​လည်​နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

“အားလုံးပေါင်း သူတို့မှန်းထားတာ သိန်း ၃၈၉ သိန်းကျော်လားမသိဘူး။ ပျက်စီးတယ်ပေါ့နော်။ ဒါက အားလုံးပျက်စီးတာကို ပြောတာ"ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်​လည်​နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္စျိမသို့ ပြောသည်။

သို့သော် လတ်တလော တွက်ချက်ရရှိသည့် ဧပြီ ၁၈ရက်​ထိ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသာဖြစ်ပြီး စုစုပေါင်း စာရင်းချုပ်ထွက်လာမှ ပိုပြီး တိတိကျကျဖြစ်နိုင်မည်ဟု ၎င်းက ဆိုသည်။

ငွေကျပ်သိန်း ၃၀၀ ကျော်ဆုံးရှုံးသည် ဆိုသော်လည်း ထိခိုက်မှုအများကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

“အများကြီးတော့မဟုတ်ဘူး။ အိမ်တွေမှာ အမိုးလှန်တာတို့ အဲ့​လောက်ပဲ။ တဲတွေကတော့ ပြိုတာပေါ့နော်"ဟု ၎င်းက ပြောသည်။

မာရသာမုန်တိုင်းကြောင့် လူသေဆုံးမှုအနေဖြင့် ဓာတ်လိုက်သေဆုံးသူ ၂ ဦးနှင့် သစ်ပင်ပိသေဆုံးသူ ၂ဦးရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်​လည်​နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ရေကြီးပြီးသည့်နောက် သန့်ရှင်းသည့် ​သောက်သုံးရေ မရရှိမှုကြောင့် ဝမ်းပျက်ဝမ်းလျှောကဲ့သို့ ရောဂါများကိုလည်း သတိပြုရမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

မုန်တိုင်းဖြစ်ပွားပြီးသည့်နောက်တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်လာနိုင်သည်ဟု လူမှုဝန်ထမ်း၊ ပြည်လည်ကယ်ဆယ်ရေးနှင့် နေရာချထား​ရေးဝန်ကြီးဌာနမှသိရသည်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီး ကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတို့တွင် လူနေအိမ်(၁၆)လုံးပြိုလဲခဲ့ပြီး (၁၅)လုံးအမိုးလန် ပျက်စီးခဲ့ကြောင်းနှင့် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိဂေါ်ရမ်ဂျီကျွန်းမြေသားလမ်း ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags