မန်းချောင်း ရေအနည်းငယ်တက်သော်လည်း ရွှေစက်တော်ဘုရားတွင် ဘုရားဖူးများ ပြန်လည်ဖူးမျှော်နေပြီ

မန်းချောင်း ရေအနည်းငယ်တက်သော်လည်း ရွှေစက်တော်ဘုရားတွင် ဘုရားဖူးများ ပြန်လည်ဖူးမျှော်နေပြီ
(ဓာတ်ပုံ-တင်ရွှေ/ကိုငယ်(မင်းဘူး))

ဆိုင်ကလုန်းမုန်တိုင်း မာရသာ၏ နောက်ဆက်တွဲ ကုန်းတွင်းပိုင်းမုန်တိုင်းကြောင့် မန်းချောင်းရေအနည်းငယ် တိုးနေသော်လည်း ဧပြီ ၁၈ရက်က စတင်ကာ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးများ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

"မန်းချောင်းရေက အနည်းငယ်တိုးပါတယ်။ အောက်စက်တော်ရာ ခြေတော်ရာကို ဖန်အုပ်ဆောင်းနဲ့ ပိတ်ပြီးပါပြီ။ ဒါပေမယ့် အပြင်ကနေ မြင်ရတဲ့အတွက် ဖူးလို့ရပါတယ်၊ နေလည်းပွင့်ပြီလေ ပွဲတော်ပြီးသွားပေမယ့် ဘုရားဖူးတွေကတော့ လာနေကြပါတယ်"ဟု သောင်ပြင်စျေးသည် ကိုကောင်းဇော်က မဇ္ဈိမသို့ ပြောသည်။

ယင်းသဘာဝဘေးကြောင့် မန်းချောင်းရေ အနည်းငယ်တိုးခဲ့ပြီး ဘုရားသို့ သွားရာ (၃)မိုင်လမ်းရှိ လှေတင်တံတား ချဉ်းကပ်ပျက်ဆီးခဲ့သည်။ အဆိုပါလှေတင်တံတားအား ဧပြီ(၁၇)ရက်က ပြုပြင်ပြီးစီးခဲ၍ ယခုအခါ ဘုရားဖူးကားလေးများ ဆိုင်ကယ်များ ဖြတ်သန်းနိုင်ပြီး မှန်လုံယာဉ်များနှင့်ကောင်တာယာဉ်များ (၈)မိုင်လမ်းမှ ဖြတ်သန်းရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား နှစ်အဆက်ဆက် သင်္ကြန်အပြီး နှစ်ဆန်း (၁)ရက်တွင် ပိတ်ပွဲကျင်းပလေ့ ကျင့်သော်လည်း ယခု ၂၀၁၇ခုနှစ်ကစတင်ကာ နှစ်ဆန်း(၂)ရက်တွင် ပိတ်ပွဲပြုလုပ်ရန် သတ်မှတ်လိုက်သော်လည်း မုန်တိုင်းကြောင့် မန်းချောင်းရေတိုးကာ ဘုရားဖူးများဘေးအန္တရာယ်ဖြစ်မည်စိုးသဖြင့် ပြန်ရန်နှိုးဆော်ခဲ့ပြီး နှစ်ဆန်း (၁)ရက်တွင် ပိတ်ပွဲကို စော၍ အကျဉ်းချုံးကျင်းပခဲ့သည်။

"ကျွန်တော်တို့ ရွှေစက်တော်ဘုရားဖူးလာကြတာပါ။ အနုပညာရှင်တွေပါ ကိုဒိန်းဒေါင်၊ ကိုစိန်ပန်းသီးနဲ့ အနုပညာရှင်များက ဘုရားဖူးမယ် ပြီးတော့ ငဖဲမုဒ်ဦးဘက် ရေနံကုန်းကံဦးဘုန်းကြီးကျောင်း ဖောင်တော်ဦးစေတီတော် ထီးတင်ပွဲမှာ ပါဝင်ကုသိုလ်ယူဒါနပြုကြပါမယ်" အနုပညာရှင် လူရွှင်တော် ဦးမိုးကျော်က မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly