သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးတွင် ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားပြီး ၂၈၅ ဦး သေဆုံး

သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးတွင် ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားပြီး ၂၈၅ ဦး သေဆုံး
၂၀၁၇ မဟာသြင်္ကန်အကြတ်နေ့က မန္တလေးမြို့ရှိ လမ်းလျှောက်သြင်္ကန်မြင်ကွင်းတစ်ခု (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဧပြီလ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၇ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ကြန်နှင့်ပတ်သက်သော ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားခဲ့ပြီး ၂၈၅ဦး သေဆုံးကာ ဒဏ်ရာရရှိသူမှာလည်း ၁၀၇၃ဦး ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၁၇ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ သေဆုံးမှု ပမာဏသည် ယမန်နှစ်ကထက် ၁၃ဦး ပိုများလာသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဘယ်ကြောင့်ဆိုသော် ၂၀၁၆ မဟာသင်္ကြန်ကာလအတွင်း ပြစ်မှုပေါင်း (၉၆၇)မှု၊ သေဆုံးသူ (၂၇၂)ဦး၊ ဒဏ်ရာရရှိသူ (၁၀၈၆)ဦးရှိခဲ့၍ ယခုနှစ်တွင် ၂၀၁၆ ခုနှစ် မဟာသင်္ကြန် ကာလထက် အမှုပေါင်း (၂၃၃) မှုပိုမိုဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် သေဆုံးသူ(၁၃)ဦး ပိုများခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော်ကောင်စီနယ်မြေတွင်မူ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း “ကြီးမားတဲ့ အမှုကြီး ဖြစ်ပွားတာ မရှိပါဘူး။ ရန်ဖြစ်တာ၊ သာမန် ဆဲတာ၊ ဆိုတာ ဒီလောက်ပဲ။ ဒီနှစ် နေပြည်တော်သင်္ကြန်မှာ ထူးခြားတဲ့ အမှုကြီးဖြစ်တာတော့ မရှိဘူး” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်က မဇ္ဈိမကို ပြောသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းတွင် သင်္ကြန်နှင့်ပတ်သက်သည့် လူသေဆုံးမှု အများဆုံးအဖြစ် ၄၄ဦး ရှိခဲ့ပြီး ဒုတိယအများဆုံးအဖြစ် ပဲခူးတိုင်းတွင် သေဆုံးသူ ၃၇ဦး ရှိခဲ့သည်။ မန္တလေးတိုင်းတွင်မူ တတိယအများဆုံးအဖြစ် ၃၆ဦး သေဆုံးခဲ့သည်။

၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် မဟာသင်္ကြန်နှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သောပြစ်မှုများမှာ နေပြည်တော် ပြည်ထောင်စုနယ်မြေ၌ (၃၉)မှု၊ သေဆုံးသူ (၁၀)ဦး၊ ဒဏ်ရာရရှိသူ (၂၈)ဦး၊ ကချင်ပြည်နယ်၌ (၃၄)မှု၊ သေဆုံးသူ (၉)ဦး၊ ဒဏ်ရာရရှိသူ (၁၅)ဦး၊ ကယား ပြည်နယ်၌ (၇)မှု၊ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရရှိသူ (၆)ဦး၊ ကရင်ပြည်နယ်၌ (၁၅)မှု၊ သေဆုံးသူ (၅)ဦး၊ ဒဏ်ရာရရှိသူ (၃၁)ဦး၊ ချင်းပြည်နယ်၌ (၃)မှု၊ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရရှိသူ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ (၁၆၇)မှု၊ သေဆုံးသူ (၂၆)ဦး၊ ဒဏ်ရာရရှိသူ (၁၉၄)ဦး၊ တနင်္သာရီတိုင်းဒေသကြီး၌ (၄၂)မှု၊ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရရှိသူ (၃၅)ဦး၊ ပဲခူးတိုင်းဒေသကြီး၌ (၁၅၄)မှု၊ သေဆုံးသူ (၃၇)ဦး၊ ဒဏ်ရာရရှိသူ (၁၈၃)ဦး၊ မကွေးတိုင်းဒေသကြီး၌ (၅၆)မှု၊ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရရှိသူ (၄၅)ဦး၊ မန္တလေးတိုင်းဒေသကြီး၌ (၁၆၀)မှု၊ သေဆုံးသူ (၃၆)ဦး၊ ဒဏ်ရာရရှိသူ (၁၃၆)ဦး၊ မွန်ပြည်နယ်၌ မှု(၅၀)၊ သေဆုံးသူ ဦး(၂၀)၊ ဒဏ်ရာရရှိသူ (၆၆)ဦး၊ ရခိုင်ပြည်နယ်၌ (၄၇)မှု၊ သေဆုံးသူ (၁၇)ဦး၊ ဒဏ်ရာရရှိသူ (၆၆)ဦး၊ ရန်ကုန် တိုင်းဒေသကြီး၌ (၂၂၃)မှု၊ သေဆုံးသူ (၄၄)ဦး၊ ဒဏ်ရာရရှိသူ (၁၁၁)ဦး၊ ရှမ်းပြည်နယ်၌ (၅၉)မှု၊ သေဆုံးသူ (၂၉)ဦး၊ ဒဏ်ရာရရှိသူ (၅၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ (၁၄၄)မှု၊ သေဆုံးသူ (၂၈)ဦး၊ ဒဏ်ရာရရှိသူ (၁၀၄)ဦး ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly