အနီအဆင့်သတ်မှတ်ထားသည့် မုန်တိုင်း မာရသာ ဝင်ရောက်မည့် သံတွဲမြို့ လက်ရှိအခြေအနေ

အနီအဆင့်သတ်မှတ်ထားသည့် မုန်တိုင်း မာရသာ ဝင်ရောက်မည့် သံတွဲမြို့ လက်ရှိအခြေအနေ

အနီရောင်အဆင့် သတ်မှတ်ထားသည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာ "Maarutha" သည် ယနေ့ ဧပြီ ၁၆ရက် ညပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့အနီးကို ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်ထုတ်ပြန်ထားသည့်အတွက် လက်ရှိ ဧပြီ ၁၆ရက် ညနေပိုင်းတွင် သံတွဲမြို့ လက်ရှိအခြေအနေနှင့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများကို သံတွဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ သံတွဲမှာ လက်ရှိအခြေအနေဘယ်လိုရှိနေလဲဗျ။ မိုး/ဇလက ဒီညဖြတ်မယ်လို့ ခန့်မှန်းထားတာဆိုတော့လေ။
ဖြေ။ ။ “သံတွဲနဲ့ စစ်တွေကြားက ဖြတ်မယ်ဆိုတော့ လက်ရှိမှာ မိုးကတော့ မရွာတော့ဘူးဗျ။ မိုးက တနေ့လုံး ရွာသွားပြီပြီ။ အခုအချိန်မှာ မိုးဖွဲလေးရွာပြီးတော့ လေပြင်းက နည်းနည်းတိုက်နေတယ်။

မေး။ ။ လေတိုက်နှုန်းက အခြေအနေ ဘယ်လိုရှိလဲ။ မိုး/ဇလ ကတော့ ၅၀/၆၀ နှုန်းလောက် ပြောထားတယ်လေ။
ဖြေ။ ။ ၅၀/၆၀ က ကျွန်တော်တို့ ရခိုင်မှာ ပုံမှန်လောက်ပဲ ရှိတာလေ။

မေး။ အခုအချိန်မှာ ၅၀/၆၀ နှုန်းလောက် ရှိပြီလား ခင်ဗျ။
ဖြေ။ ။ မရှိသေးဘူး။ ၂၅/၃၀ လောက်ပဲ ရှိသေးတယ်။

မေး။ ။ တစ်ခုခုဖြစ်လာခဲ့ရင် ဘာတွေ ပြင်ဆင်ထားတာရှိလဲ။
ဖြေ။ ။ အခု သံတွဲမှာလည်း လူကယ်ပြန်ဝန်ကြီး(ဒေါက်တာဝင်းမြတ်အေး) ရောက်နေတာလေ။ ဒီမှာ ကြက်ခြေနီတို့၊ မီးသတ်တို့နဲ့ ဒီမှာ ရဲတပ်ဖွဲ့တွေက အားလုံးက ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင်တွေကိုလည်း ရေတက်လာလို့ရှိရင် လွတ်အောင်၊ ပြီးတော့ ဂျိတ်တော၊ မြပြင်ရွာက အိမ်တွေကိုတော့ ပြောင်းပေးနေတယ် ခင်ဗျ။

မေး။ ။ အခု ဦးမင်းကြည်ကို ဆက်သွယ်တဲ့အချိန်အထိ အဲ့ဒီမှာ စိုးရိမ်ဖွယ်ရာ မရှိသေးဘူးလို့ ပြောလို့ရမလားခင်ဗျ။
ဖြေ။ ။ မရှိသေးဘူးဗျ။ မုန်တိုင်းက ၄၀/၅၀ဆိုတာ ရခိုင်မှာ ဖြစ်ရိုး၊ ဖြစ်စဉ်ပဲ ရှိတယ်ဗျ။ အခု လေမုန်တိုင်းက ဝုန်းဆို ဝေ့လာပြီးတော့မှ တစ်ချက်၊ တစ်ချက် ရမ်းလိုက်တဲ့အချိန်မှာ အုန်းပင်တွေရမ်းပြီး မရမ်းသီးတို့၊ သရက်သီးတို့တော့ အားလုံးကြွေကုန်တာပေါ့ဗျာ။ လေကတော့ နည်းနည်းတော့ ပြင်းတာပေါ့။ အမိုးလန်တာတို့၊ သစ်ပင်တွေကျိုးတာတို့တော့ သံတွဲမှာ မခံစားရသေးဘူး။ ကျွန်တော် အခုပြောနေတာ ငပလီကမ်းခြေက ပြောနေတာပါ။

မေး။ ။ ကမ်းခြေမှာရော အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ ငပလီကမ်းခြေမှာတော့ သင်္ကြန်မှာ လာလည်ပြီး ရေဆင်းကူးတဲ့သူတွေကို နားထားပါတယ်။ ကမ်းခြေကို မဆင်းခိုင်းထားပါဘူး။ လိုင်းကြီးလာလို့ရှိရင် ရေဆွဲတာ ပါသွားမှာစိုးလို့လေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags