မုန်တိုင်း ဖြတ်ကျော်မည့်ဒေသများသို့ ကူညီကယ်ဆယ်ရန် အသင့်ပြင်ထားဟု ကာကွယ်ရေးဝန်ကြီး ပြော

မုန်တိုင်း ဖြတ်ကျော်မည့်ဒေသများသို့ ကူညီကယ်ဆယ်ရန် အသင့်ပြင်ထားဟု ကာကွယ်ရေးဝန်ကြီး ပြော
ကာကွယ်ရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဧပြီ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။  ဆိုင်ကလုန်းမုန်တိုင်း ‘မာရသာ’ အန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် ကူညီ၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) ဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်၍ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးတွင် ဧပြီ ၁၆ရက်၊ နံနက် ၁၁နာရီခွဲက အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအ‌ဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးအပြီးတွင် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက အောက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ တပ်နယ်တွေကိုလည်း သတိပေးထားပါတယ်။ နောက်ရခိုင်မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုကိုလည်း အသင့်ပြင်ထားပါတယ်။ လေယာဉ်တွေကိုလည်း အသင့်ပြင်ထားတယ်။ လေယာဉ်တွေနဲ့အတူ ဆေးအဖွဲ့တွေကိုလည်း ရန်ကုန်နဲ့ နေပြည်တော်မှာ အသင့်ပြင်ထားပါတယ်။ စားနပ်ရိက္ခာတွေကိုလည်း သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေကနေပြီးတော့ လိုအပ်သလို ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ဧပြီ ၁၆ရက်၊ မွန်းလွဲ ၁နာရီ ၃၀မိနစ်အချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) သည် ယနေ့မွန်းတည့်မှ နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအား အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်
နိုင်သည်ဟု မိုး/ဇလ က ခန့်မှန်းထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ် ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိ ပြုနိုင်ပါရန်လည်း မိုး/ဇလ က အကြံပြုထားသည်။

“ပြင်ဆင်စရာ ရှိတာတွေလည်း ပြင်ဆင်ပြီးပါပြီ။ လက်ရှိ မုန်တိုင်းအနေအထားကတော့ စိုးရိမ်စရာရှိတဲ့အနေအထားမှာရှိနေပါသေးတယ်။ သို့သော် ပြောင်းလဲတတ်တဲ့သဘောရှိတဲ့အတွက်ကြောင့် အချိန်နဲ့တပြေးညီ သက်ဆိုင်ရာကထုတ်ပြန်ထားတဲ့အတိုင်း ဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်။ သတိရှိရှိနဲ့ ဆောင်ရွက်သွားဖို့ပဲဖြစ်ပါတယ်။ သတိဆိုတာတော့ ပိုတယ်မရှိဘူးပေါ့လေ” ဟု ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly