ဆိုင်ကလုန်းမုန်တိုင်း (Maarutha) အနီရောင်အဆင့် သတ်မှတ်

ဆိုင်ကလုန်းမုန်တိုင်း (Maarutha) အနီရောင်အဆင့် သတ်မှတ်

ဆိုင်ကလုန်းမုန်တိုင်း (Maarutha)သည် မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၁၆ရက် နေ့လည် ၁၂ နာရီ ၂၀မိနစ်က ထုတ်ပြန်သည်။

ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း"မာရသာ” (Maarutha) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက် ဘက် မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်ဘက်(၁၅၈)မိုင်ခန့်၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ သံတွဲမြို့၏ အနောက် တောင်ဘက် မိုင်(၁၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက် (၁၉၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်တောင် ဘက်(၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀) မှ (၆၀)နှုန်းဖြစ်နိုင်သည်ဟု ဆိုသည်။

နောက်ထပ် ၁၂နာရီအတွင်း မုန်တိုင်းသည် မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags