မြောက်ဦးသင်္ကြန်သံချပ်ပြိုင်ပွဲ ကျင်းပ

.

(ဓာတ်ပုံ - RiA)

မြောက်ဦး၊ ဧပြီ ၁၆ ရက်။        ။ သင်္ကြန်ကာလအတွင်း မြောက်ဦးမြို့တွင် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲနှင့် သံချပ်ပြိုင်ပွဲကို ကျင်းပပြုလုပ်လျှက်ရှိရာ ဧပြီလ ၁၃ ရက်က နံ့သာသွေးပြိုင်ပွဲကို ပြုလုပ်ခဲ့ပြီး ဧပြီ ၁၅ရက်​ ညနေ ၅ နာရီတွင် သံချပ်ပြိုင်ပွဲကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသံချပ်ပြိုင်ပွဲကို ဧပြီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အဖွဲ့များ၏ သံချပ်များမှာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရန်လိုအပ်ပြီး ရသပေါ်လွင်သော ရခိုင်ရိုးရာ သံချပ်များကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။

“အမှတ်ပေးစည်းမျည်းတွေ ရှိပါတယ်။ ဝတ်စားဆင်ယင်မှုအပိုင်း၊ သံချပ်အပိုင်း၊ သရုပ်ဆောင်မှုအပိုင်း ဆိုပြီးတော့ သုံးပိုင်ခွဲထားပါတယ်။ ဝတ်စားဆင်ယင်မှုမှာ ရိုးရာဖော်ကျူးနိုင်မှု၊ တူညီဝတ်စုံဖြစ်မဖြစ် ဒီနှစ်ချက်နဲ့ အမှတ်ပေးသွားမှာပါ။ သံချပ်အနေနဲ့ ဆိုရင်တော့ ခေါင်းစဉ်နဲ့ အကြောင်းအရာ ကိုက်ညီမှု၊ အဖွဲ့အနွဲ့၊ ရိုးရာစပ်ဆိုမှု၊ စာသားအဓိပ္ပါယ် လေးနက်မှု၊ အသံသာယာပြတ်သားမှု၊ စည်းဝါးကိုက်ညီမှု၊ ရသမြောက်မှု၊ ခေတ်စနစ်ထင်ဟတ်မှု စတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။ သရုပ်ဆောင်မှုအပိုင်းကတော့ စိတ်ဝင်စားဖွယ်ကောင်းဖို့နဲ့ စာသားနဲ့သရုပ်ဆောင် ကိုက်ညီမှုရှိရမယ်။ ဒါတွေအပေါ်မှာ အမှတ်ပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။”ဟု အကဲဖြတ်ဒိုင် အဖွဲ့ခေါင်းဆောင် ကဗျာဆရာ နောင်အေးက ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်သည့် သံချပ်များမှာ ရခိုင်ရိုးရာသံချပ်ရေးစပ်နည်း၊ သံချပ်တစ်ပုဒ်၏ မူဟန်တို့မှာ စနစ်တကျဖွဲ့စည်း စပ်ဆိုထားသည့် သံချပ်များဖြစ်ရန်လိုအပ်ပြီ ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ကျင်းပရခြင်းမှာ ရိုးရာသံချပ်များ တိမ်ကော ပျောက်ကွယ်လာခြင်းအား ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည့်အပြင် သံချပ်အင်္ဂါရပ်နှင့် ပြည့်ဝပြီး ခိုင်မာသည့် သံချပ် ကောင်းများ ထွက်ပေါ်လာစေရန်အတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။  

“သံချပ်အပေါ်မှာ စိတ်ဝင်စားမှု တော်တော်လေးကိုများပါတယ်။ ရခိုင်ရိုးရာသံချပ် ရေးစပ်နည်းက တခြားနည်းတွေနဲ့ မတူဘူး။ သီးခြားပုံစံရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရိုးရာလည်းဖြစ်ပြီးတော့ ပြည်မဘက်မှာ သီဆိုနေကြတဲ့ သံချပ်တွေနဲ့ အများကြီးကွာခြားပါတယ်။”ဟု ၎င်းက ဆက်လက်ပြေကြားခဲ့သည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်အတွင်း သံချပ်ကိုစနစ်တကျ ရေးစပ်နိုင်သည့် သံချပ်ဆရာမှာ အများဆုံး သုံးယောက် လောက်သာ ကျန်ရှိတော့ကြောင်း ယခုနှစ်ပြိုင်ပွဲတွင် လူငယ်များရေးစပ်သည့် သံချပ်များလည်း ပါဝင်လျှက်ရှိပြီး သံချပ်များ၏ အရည်အသွေးကို ဆုံးဖြတ်ရာတွင် စာသားနှင့် အသံအနေအထားကိုလိုက်ပြီး အကဲဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီမှာလာပြိုင်ရတဲ့ အကြောင်းရင်းကတော့ ပျော်ပွဲရွှင်ပွဲတစ်ခုလည်းဖြစ်တယ်။ ရိုးရာပွဲလည်းဖြစ်တဲ့အတွက် အားပေးတဲ့အနေနဲ့ လာပြိုင်တာပါ။ သံချပ်ရဲ့ဆိုလိုရင်းတွေကတော့ ဆေးရုံရဲ့လိုအပ်ချက်တွေ၊ တက္ကသိုလ်လိုအပ်ချက်တွေ၊ လမ်းဘေးမသပ်ရပ်မှုတွေ ဒါတွေကို ပြုပြင်ပေးဖို့အတွက် တိုက်တွန်းထားတဲ့ သံချပ်ဖြစ်ပါတယ်။”ဟု ကြက်ဈေးရပ်ကွက်မှ ပြိုင်ပွဲဝင်အမျိုးသမီး အဖွဲ့အခေါင်းဆောင် ဒေါ်သာနှင်းအေးက ပြောသည်။

ယင်းပြိုင်ပွဲသို့ မြောက်ဦးမြို့ရှိ ရပ်ကွက် ၄ ခုနှင့် လူမှုအဖွဲ့အစည်းတစ်ခု စုစုပေါင်း ပြိုင်ပွဲဝင်အဖွဲ့ ငါးဖွဲ့သာ ဝင်ရောက် ယှဉ်ပြိုင်လျှက်ရှိပြီး ဧပြီ ၁၇ ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်ကာ ပထမဆုကို ကျပ်ငွေ ၆ သိန်း၊ ဒုတိယဆုကို ကျပ်ငွေ ၄ သိန်းနှင့် တတိယဆုကို ကျပ်ငွေ ၂ သိန်းထိ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။