နေပြည်တော်ကောင်စီနယ်မြေအတွင်း သင်္ကြန်အကျနေ့အထိ ထိခိုက် ဒဏ်ရာရရှိသူ ၁၆၁ ဦး၊ သေဆုံးသူ (၃)ဦးထိ ရှိ

နေပြည်တော်ကောင်စီနယ်မြေအတွင်း သင်္ကြန်အကျနေ့အထိ ထိခိုက် ဒဏ်ရာရရှိသူ ၁၆၁ ဦး၊ သေဆုံးသူ (၃)ဦးထိ ရှိ
ပျဉ်းမနား-တောင်ညိုကားလမ်းဘေး၊ မြို့တော်ခန်းမရှေ့ရှိ နေပြည်တော်မြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍပ်တွင် အကျနေ့ ရေကစားနေကြသူများကို ဧပြီလ ၁၄ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

သင်္ကြန်အကြိုနေ့မှ အကျနေ့အထိ နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားထိခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၆၁ ဦးရှိကြောင်း နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁ဝဝဝ မှ သိရပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအနက် ယာဉ်တိုက်မှုကြောင့် ၉၁ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၂၂ ဦး၊ အခြားထိခိုက်မှုကြောင့် ၄၈ ဦးတို့ဖြစ်ပြီး သေဆုံးသူ သုံးဦးရှိကာ သေဆုံးသူ သုံးဦးအနက် ဆိုင်ကယ်မတော်တဆ တိမ်းမှောက်လို့ တစ်ဦး၊ ဆိုင်ကယ်နှင့် ကားတိုက်လို့ တစ်ဦး၊ ဆိုင်ကယ်အချင်းချင်းတိုက်လို့ တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ခုတင် ၁ဝဝဝ ဆေးရုံကြီးရဲ့ ပြင်ဆင်ထားမှုအနေနဲ့ကတော့ အစုလိုက်အပြံုလိုက် ဘေးအ္တရာယ်ရှိလာရင် အရေးပေါ်ကုသမှုအဖွဲ့ဆိုတာရှိပါတယ်။ ကျွန်တော်တို့ မှာ ဆေးရုံအုပ်ကြီးခေါင်းဆောင်တဲ့ အဖွဲ့ရယ်၊ သက်ဆိုင်ရာ တာဝန်ခံ ဆရာဝန်ကြီးတွေ ခေါင်းဆောင်တဲ့အဖွဲ့ရယ် ၂၄ နာရီ တာဝန်ချထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း အရာရှိတစ်ဦးနဲ့ အမှုထမ်းတစ်ဦးကို ၂၄ နာရီ တာဝန်ချ ထားတာရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့သင်္ကြန်မတိုင်ခင်မှာ ဒီလိုမျိုး အစုလိုက် အပြံုလိုက် အ္တရာယ်ကျရောက်လာရင် ဘယ်လိုမျိုးဆောင်ရွက်မလဲ။ အစမ်းလေ့ကျင့် မှုကို ကျွန်တော်တို့ သေချာဆောင်ရွက်လေ့ကျင့်ထားပါတယ်'' ဟု နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁ဝဝဝ မှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၄၂၄ ဦးမှာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁ဝဝဝ တွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့ပြီး ၁၆ ဦး သေဆုံးခဲ့ရာ ယာဉ်တိုက်မှုကြောင့် ၁၅ ဦးနှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် တစ်ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly