မြောက်ဦး ဗဟိုမဏ္ဍပ်ကို အရပ်ဖက်က ကိုယ်​ထူကိုယ်​ထပြုလုပ်

မြောက်ဦး ဗဟိုမဏ္ဍပ်ကို အရပ်ဖက်က ကိုယ်​ထူကိုယ်​ထပြုလုပ်
ဓါတ်ပုံ - မင်းမျိုးနွယ်/အေးအေးသန်း/RiA

မြောက်ဦး ။     ။ သင်္ကြန်ကာလအတွင်း ရေလောင်းမဏ္ဍပ်များနှင့် ယိမ်းအကအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရိုးရာဗဟိုမဏ္ဍပ်ကို ယခုနှစ်တွင် ဌာနဆိုင်ရာကပြုလုပ်ခြင်းမဟုတ်ဘဲ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဦးဆာင်ပြုလုပ်လျှက်​ရှိသည်​။

အဆိုပါ မဏ္ဍပ်ကို အစပိုင်းတွင် မြို့နယ် ထွေ/အုပ်ဌာနမှ ဦးစီးကျင်းပရန်ပြင်ဆင်ခဲ့သော်​လည်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပပြုလုပ်ခွင့်မရရှိခဲ့သည့်အတွက် အရပ်ဖက်မှဦးစီးကာ ယခုကဲ့သို့ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“အစကတော့ ကျွန်တော်တို့လုပ်ဖို့ အစီအစဉ်မရှိဘူး။ ထွေအုပ်ကလုပ်တာပါ။ သူတို့ပြုလုပ်ခွင့်မရတော့တဲ့အတွက် ဗဟိုမဏ္ဍပ်မရှိတာလည်​း ကြာပြီဆိုပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြို့မိမြို့ဖတို့ပူးပေါင်းပြီးတော့ အလှုငွေတွေထည့်ဝင်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။”ဟု ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဗိုချေကပြောသည်။

မြောက်ဦးမြို့တွင် ဗဟိုမဏ္ဍပ်မရှိသည့် ပြီးခဲ့သည့်နှစ်များတွင် ရေလောင်းမဏ္ဍပ်များကိုပါ ပြုလုပ်မှုနည်းပါးလာခဲ့ကြောင်း၊ ရေလောင်းမဏ္ဍပ်များမရှိသည့်အတွက် ရိုးရာအစဉ်အလာအရ ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာသင်္ကြန်မှာ တဖြေးဖြေးတိမ်ကောစပြုလာခဲ့ပြီဖြစ်သည့်အတွက် အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ဗဟိုမဏ္ဍပ်ကို အရပ်ဖက်မှဦးဆောင်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အလှုငွေထည့်ဝင်မှုတွေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ဘယ်သူဘယ်လောက်ထည့်ရမယ်ဆိုတာမျိုးလည်း မရှိဘူး။ မိမိအသိစိတ်နဲ့ လာရောက်လှူဒါန်းကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရဆီက ပေးအပ်တဲ့ငွေတွေလည်း တစ်ကျပ်မှမပါဘူး။ မြို့ကလုပ်ငန်းရှင်တွေစုပေါင်းပြီး လုပ်တာပါ။”ဟု သူကဆက်လက်ပြောကြားခဲ့သည်။

ယခင် မြို့နယ်ထွေ/အုပ်မှ ဦးဆောင်ကျင်းပသည့် နှစ်များတွင် မြို့လူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးအတွက် အလှူငွေများကို သတ်မှတ်ပေးသည့်အတိုင်း ထည့်သွင်းခဲ့ရသော်လည်း ယခုအရပ်ဖက်မှ ကျင်းပပြုလုပ်သည့်အခါတွင် ဌာနဆိုင်ရာများမှ တစ်စုံတစ်ရာ ကူညီထောက်ပံ့မှုများမရှိခဲ့ကြောင်း မြို့ခံများကပြောသည်။

ရိုးရာဗဟိုမဏ္ဍပ်ကို ဧပြီ ၁၅ရက်​ နံနက်ပိုင်းကမှ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ရေလောင်းမဏ္ဍပ် ၆ ခုနှင့် ယိမ်းအက ၁၃ ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ဆုငွေများကို ငွေကြေးရရှိမှုအပေါ်မူတည်ပြီး သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly