မုန်တိုင်းအတွက် ဘာတွေကြိုတင်ပြင်ဆင်လို့ရလဲ

မုန်တိုင်းအတွက် ဘာတွေကြိုတင်ပြင်ဆင်လို့ရလဲ

ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ ညပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်တောင်ပိုင်းကို သံတွဲမြို့အနီးမှဖြတ်ကျော်နိုင်သည့် မုန်တိုင်းနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အစဉ်မပြတ် စောင့်ကြောင့်ကာ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် လွန်စွာ စိုးရိမ်ကြောင့်ကျမှု မဖြစ်ပါရန်နှင့် အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အကြံပြုထားသည်။

(က) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
( ခ) လှေများ၊ အသက်ကယ်ဘောကွင်းများ၊ Life Jacket များနှင့် ရေလုံသော ပလပ်စတစ် ပုံးများဆောင်ထားပါ။
( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသော အဆောက်အဦ၊ အမိုးအကာအောက်တွင် နေထိုင်ပါ။ 
(ဃ) ရခိုင်နှင့်မြစ်ဝကျွန်းပေါ်ဒေသတွင် လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၁၀-၁၅)ပေခန့် မြင့်တက်နိုင်ကြောင်းသိရှိရသည့်အတွက် ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေ နေသူများ သတိပြုနေထိုင်ပါ။
( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။
( စ) တောင်ကျချောင်းများတွင် ရုတ်တရက် လျှပ်တပြက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီးနေထိုင်သူများ၊ အပမ်းဖြေရောက်ရှိနေသူများ အထူးသတိထား နေထိုင်ပါ။
(ဆ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုသွားလာပါ။
( ဇ) မုန်တိုင်းသတိပေးချက်ရရှိပါက မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။
ပြည်သူများအနေဖြင့် မုန်တိုင်းငယ်အခြေအနေနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င် ဆောင်ရွက်နိုင်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသည့် Call Centre ဖုန်းများ ဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇) တို့သို့ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ 

မုန်တိုင်းဆိုင်ရာ အချက်အလက်အချို့ 

၂၀၁၇ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့၊ နံနက်(၀၇းဝဝ)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့‌တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ပညာရှင်များ၏ခန့်မှန်းချက်များအရလည်း မုန်တိုင်းငယ်သည် အရှေ့မြောက်ဖက်(ရခိုင်ကမ်းခြေသို့)သို့ ဦးတည်ရွေ့လျှားလာနိုင်ပြီး (၁၅-၄-၂၀၁၇) ညနေပိုင်းခန့်တွင် အပူပိုင်းမုန်တိုင်း(Tropical storm) အဆင့်ဖြစ်လာနိုင်ကြောင်း၊ မုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်(ရခိုင်နှင့်မြစ်ဝကျွန်ပေါ်ဒေသ)တွင် လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၁၀-၁၅)ပေခန့်မြင့်တက်နိုင်ကြောင်းသိရှိရပါသည်။

စပ်ဆက်မုန်တိုင်းသတင်း - http://www.mizzimaburmese.com/article/26009

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly