နြူကလီးယားထက် တစ်ဆင့်သာနိမ့်သည့် အင်အားပြင်းဗုံး အမေရိကန်တို့ ကျဲချ၊ အနည်းဆုံး IS ၃၆ ဦး သေဆုံး

နြူကလီးယားထက် တစ်ဆင့်သာနိမ့်သည့် အင်အားပြင်းဗုံး အမေရိကန်တို့ ကျဲချ၊ အနည်းဆုံး IS ၃၆ ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

နြူကလီးယားဗုံး မဟုတ်သော်လည်း ပြင်းအားအလွန် ပြင်းထန်သည့် GBU-43 အမည်ရဗုံးကို အာဖကန်နစ္စတန် နိုင်ငံတွင်းရှိ အစ္စလာမ်မစ် စစ်သွေးကြွ IS တို့ အခြေချရာ နေရာကို အမေရိကန်တို့ ကြဲချခဲ့ရာမှာ IS အဖွဲ့ဝင် ၃၆ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး IS တို့ရဲ့ အဓိက ကျတဲ့ ခြေကုပ်စခန်း အများအပြားလည်း ပျက်စီးသွားခဲ့တယ်လို့ အာဖကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

IS အဖွဲ့ဝင် ၃၆ ဦးနဲ့အတူ IS တို့ ပိုင်ဆိုင်တဲ့ လက်နက် ပစ္စည်း အများအပြားလည်း GBU-43 ဗုံးဒဏ်ကြောင့် ပျက်စီးသွားခဲ့တယ်လို့ အာဖကန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ မိုဟာမက် ရက်မနစ်ရှ်က ပြောပါတယ်။

အလေးချိန် ၁၀ တန်နီးပါးရှိတဲ့ GBU-43 ဗုံးကို ဒေသစံတော်ချိန် ၁၉ :၃၂ မိနစ်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အတည်ပြုချက်နဲ့ အမေရိကန်တို့ ကျဲချခဲ့တာဖြစ်ပါတယ်။ အာဖန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အခြားသော ပြောခွင့်ရ တစ်ဦးဖြစ်သူ ဒေါ်လတ် ဝဇီရီရဲ့ အဆိုအရတော့ IS တို့ ပုန်းအောင်းနေတဲ့ အဓိက ကာကွယ်ရေးစခန်းတွေကို GBU-43 ဗုံးက ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်လတ် ဝဇီရီရဲ့အဆိုအရ အကြမ်းဖက် အဖွဲ့တွေဟာ အာဖကန် နယ်စပ်ကို ခြေကုပ်ယူကာ အကြမ်းဖက်ဖို့ ၂၀၁၅ ခုနှစ်တည်းက စိုင်းပြင်းနေခဲ့တယ်လို့ ဆိုပါတယ်။ အာဖကန် အစိုးရကတော့ IS အဖွဲ့ဝင် ၄၀၀ နီးပါးလောက်သာ ကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့နှစ်အတွင်းက ၂၅၀၀ လောက်ကို သုတ်သင်ပြီးဖြစ်တာကြောင့် IS အဖွဲ့ဝင် ၂ ရာခိုင်နှုန်း ဖြစ်တဲ့ ၃၆ ဦးလောက်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

နေတိုး အဖွဲ့ဝင်နိုင်ငံများရဲ့ အဆိုအရလည်း အာဖကန်နိုင်ငံအတွင်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်းက IS အဖွဲ့ဝင်တွေကို အောင်အောင်မြင်မြင်နဲ့ လျော့ချနိုင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းသိမ်းထားနိုင်ပြီလို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly