UNFC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေ ပန်ခမ်း ထိပ်သီးအစည်းအဝေးတက်ပါ့မလား

UNFC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေ ပန်ခမ်း ထိပ်သီးအစည်းအဝေးတက်ပါ့မလား
(ဓာတ်ပုံ - အီးပီအေ)

ချင်းမိုင်၊ ဧပြီ ၁၄ ။    ။ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ခမ်းမြို့တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီး အစည်းအဝေးသို့ မွန်ပြည်သစ်ပါတီ (NMSP)တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ဧပြီလ ၁၅ ရက်တွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရ ဖွဲ့၏ ပန်ခမ်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း အစည်းအဝေးများ ရှိနေသဖြင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်း NMSP ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“ပန်ခမ်းအစည်းအဝေး တက်ဖို့ ဖိတ်တယ်။ မသွားနိုင်သေးတာပါ။ မအားသေးဘူး။ သင်္ကြန်နဲ့ တိုက်နေတယ်။ နောက်ပြီး သင်္ကြန်ပြီးပြီး အန်ကယ််တို့ နှစ်ပတ်လည် ဗဟိုကော်မတီ အစည်းအဝေးရှိတယ်။ အဲဒါကြောင့် မသွားအားသေးဘူး”ဟု နိုင်ဟံသာက ပြောသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်၍ UWSP ဌာနချုပ်သို့ သွားရောက် တွေ့ဆုံမည့် အစီအစဉ်ကိုလည်း အဆင်ပြေသည့်အချိန်တွင် သွားရောက်မည် ဖြစ်ကြောင်း သူက ပြောသည်။

KNPP မှ ခူဦးရယ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆိုပါ အစည်းအဝေး တက်ရောက်၊ မတက်ရောက်ကို ပြောဆိုခြင်း မရှိပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တက်ရောက်ခဲ့သော်လည်း ယခု ထိပ်သီးအစည်းအဝေးတွင် တက်ရောက်၊ မတက်ရောက် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

သို့သော် ပန်ခမ်းအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသော်လည်း SSPP အနေဖြင့် တက်ရောက်၊ မတက်ရောက်ကို မသိရသေးကြောင်း SSPP မှ ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

ထိုအဖွဲ့ နှစ်ဖွဲ့သည် ပန်ခမ်းသဘောတူညီချက်တွင် ပါဝင်ခဲ့သော်လည်း UNFC မှ မခွဲထွက်ဘဲ NCA လမ်းကြောင်းဖြင့် ဆက်သွားရန် ဧပြီလ ၃ ရက်မှ ၅ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော UNFC ဗဟိုအလုပ်မှုဆောင်အရေးပေါ် အစည်းအဝေးတွင် သဘောတူညီခဲ့သည်။

ယခု ဧပြီလ ၁၅ ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့က “နိုင်ငံရေးဆွေးနွေးမှု ကော်မတီ” ဖွဲ့စည်းရန် ဆုံးဖြတ်ချက်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ တာပန်လှက မကြာသေးမီက မဇ္ဈိမကို ပြောဆိုထားသည်။

UWSP အပါအဝင် KIO၊ SSPP ၊ အမျိုသားဒီမိုကရေစီ မဟာမိတ်တပ်(မိုင်းလား)-(NDAA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်-ကိုးကန့်တပ်ဖွဲ့ (NMDAA)၊ ပလောင်အမျိုသားလွတ်မြောက်ရေးတပ် (TNLA)၊ရက္ခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly