လွတ်ငြိမ်းခွင့်တွင်ပါသည့် သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ဦးကို ချက်ချင်း တရုတ်ပြန်ပို့

လွတ်ငြိမ်းခွင့်တွင်ပါသည့် သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ဦးကို ချက်ချင်း တရုတ်ပြန်ပို့
လွတ်ငြိမ်းခွင့်တွင်ပါသည့် တရုတ်နိုင်ငံသားများကို ဇူလိုင် ၃၀ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- အီးပီအေ)

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဇူလိုင် ၃၀ရက်တွင် လွတ်ငြိမ်းခွင့် ပေးလိုက်သည့် အကျဉ်းသား ၆၉၆၆ဦးတွင် ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုကြောင့် မကြာသေးမီက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချလိုက်သည့် တရုတ်နိုင်ငံသား ၁၅၅ဦးလည်း ပါဝင်သည်ဟု တရုတ်နိုင်ငံသား၏ အမှုလိုက်ရှေ့နေ အထက်တန်းရှေ့နေ ဦးခင်မောင်က မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၂၂ ရက်က တရုတ်နိုင်ငံသား သစ်ခိုးထုတ်မှုအတွက် ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (အပက ၃) ဖြင့် မြစ်ကြီးနား ခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ပြီးနောက် ၈ ရက်မြောက်နေ့ ဇူလိုင်လ ၃၀ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။  

“နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ပဲ တရုတ်နိုင်ငံသား ၁၅၅ ဦးစလုံးကို လွတ်သွားပါပြီ၊ လွတ်သွားလို့ ၁၂ နာရီခွဲမှာပဲ မြစ်ကြီးနားထောင်ကနေ လဝက ကနေ ဦးစီးပြီးတော့ ကား ငါးစီးနဲ့ ခေါ်ပြီး ကူရုံး မရောက်ခင် နယ်စပ်ကို သွားပို့မှာပါ၊ အခု ၁၆ မိုင်ရောက်သွားပါပြီ။ ဝိုင်းမော်အရှေ့ဘက် ကံပိုင်တီဆိုတဲ့ မြန်မာဘက်က နယ်စပ်မြို့ရှိတယ်။ အဲဒီကနေ ကျော်သွားရင် ကူရုံးဆိုတာ ရှိတယ်။ အဲဒီကြားထဲမှာ လဝက ဂိတ်ကျော် သွားပြီဆိုရင် နှစ်နိုင်ငံ နယ်စပ်မှာ လိုင်ဂူတခုရှိတယ်။ အဲဒီကို ကျော်သွားရင် နယ်စပ်ရောက်မှာ အဲဒီကို သွားပို့မှာ။ သူတို့လည်း နိုင်ငံတော်ကို အများကြီး ကျေးဇူးတင်တယ်လို့ ပြောပြီး ပြန်သွားကြပါပြီ”ဟု သူက မဇ္ဈိမကို ပြောသည်။  

သူတို့ကို ယနေ့မှာပဲ တရုတ်-မြန်မာနယ်စပ် မြစ်ကြီးနား-ဝိုင်းမော်မြို့နယ် ကံပိုင်တီကားလမ်းအတိုင်း တရုတ်နိုင်ငံနယ်စပ်သို့ သွားရောက် ပို့ဆောင်လိုက်နေပြီ ဖြစ်ကြောင်းနှင့် အမှုလိုက်ရှေ့နေ တစ်ဦးအနေဖြင့် တရုတ်နိုင်ငံသားများအား လွတ်မြောက်လာမှုအပေါ် ဝမ်းသာကြောင်း သူက ပြောသည်။

ယနေ့ လွတ်ငြိမ်းခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ တခြား အကျဉ်းသား ၁၀၀ ကျော် ထပ်မံ လွတ်မြောက်လာသည်ဟု ကြားသိရကြောင်း သူက ပြောသည်။

တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူ ၁၅၅ ဦးထဲမှ ၁၅၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁ ဦးကို မူးယစ်မှုဖြင့် ထောင်ဒဏ် ၃၅ နှစ်ထိ ချမှတ်ခဲ့ပြီး  ၂ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တရုတ်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသားများကို ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ ဆဒုံး၊ ဝါရှောင်၊ မန်ဝိန်းကျေးရွာများမှ အစိုးရ စစ်ကြောင်းက မူးယစ်ဆေးဝါး အပါအဝင် စက်ယန္တရားများနှင့် အတူ ဖမ်းဆီးခဲ့ကာ လဝက ပုဒ်မနှင့် အပက ၃ တို့ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ရာမှ ယနေ့ လွတ်ခြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သွားသည်။
 
သူတို့ကို အမိန့်ချမှတ်ပြီးနောက် တရုတ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှုများ ရှိခဲ့သည်။ ဇူလိုင်လ ၂၄ ရက်ကလည်း တရုတ်ကောင်စစ်ဝန်ချုပ် Mr Wang Yu က မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ပြစ်ဒဏ်များ ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန်လက တရားမဝင်နိုင်ငံဖြတ်ကျော်အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသား ၂၀၅ ဦးကို တရုတ်နိုင်ငံဖက်က နိုင်ငံလွှဲပြောင်းပေးအပ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly