နေပြည်တော်တွင် သင်္ကြန်ကာလအတွင်း လုံခြံုရေးအင်အား ၁၅၀၀ ဖြင့် ဆောင်ရွက်မည်

နေပြည်တော်တွင် သင်္ကြန်ကာလအတွင်း လုံခြံုရေးအင်အား ၁၅၀၀ ဖြင့် ဆောင်ရွက်မည်
နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်တွင် သင်္ကြန်ကာလအတွင်း တပ်ဖွဲ့ဝင်အင်အား ၁၅၀၀ဖြင့် လုံခြံုရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ဧပြီ ၁၂ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

“နေပြည်တော်တစ်ခုလုံးဆိုရင်တော့ ၁၅၀၀လောက် ရှိပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။

နေပြည်တော်တွင် အကြီးဆုံးမဏ္ဍပ်ဖြစ်သည့် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မဏ္ဍပ်အရေအတွက် ၁၇ခု ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြံုရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ဖြင့် လုံခြံုရေးဆောင်ရွက်သွားမည် ဖြစ်သည်။

“အထူးသဖြင့်တော့ ဒီ(မြို့တော်ဝန်)မဏ္ဍပ်နဲ့ တကယ်စည်ကားမယ့်နေရာတွေမှာ အင်ပြည့်အားပြည့်ဆောင်ရွက်ထားပြီးတော့မှ မဏ္ဍပ်အနေအထားပေါ်မူတည်ပြီး လုံလောက်တဲ့အချိုးအစားနဲ့ လုံခြံုရေး ချမှတ်ပေးထားပါတယ်” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

ပြည်သူလူထုအပန်းဖြေရာ နေရာများတွင်လည်း လုံခြံုရေးချထားပေးမည်ဖြစ်သလို အရေးပေါ်အခြေအနေဖြစ်လာပါကလည်း ကယ်ဆယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသည်ဟု ၎င်းက ဆိုသည်။

နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် ဖွင့်ပွဲအခမ်းအနားအား ဧပြီလ ၁၃ရက်(သင်္ကြန်အကြိုနေ့)ညနေ ၅နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။

နေပြည်တော်မြို့တော်ခန်းမရှေ့၊ ပျဉ်းမနား-တောင်ညိုကားလမ်းဘေးရှိ အဆိုပါ မဏ္ဍပ်တွင် နာမည်ကျော် တေးသံရှင်များဖြစ်သည့် အိုင်ရင်းဇင်မာမြင့်၊ ရှင်ဖုန်း၊ ခွန်းဆင့်နေခြည်၊ ခေမီကို၊ ဂျင်းနီ၊ မွန်းအောင်၊ ကိုအောင်၊ ကောင်းကောင်း စသူတို့အပြင် DJ ဟစ်ဟော့ ဖျော်ဖြေမှုအဖြစ် အနဂ္ဂ၊ ရန်ရန်ချန်း၊ အေးမင်းဝင်း၊
ဘိုလေး၊ RIght.D (DJ)တို့လည်း ဖျော်ဖြေကြမည် ဖြစ်သည်။

ယင်းအပြင် ပန်းရဲ့လမ်းအဖွဲ့မှ ဦးရဲလွင်၊ ကိုသားထွေး၊ ကိုမင်း၊ ကိုအောင်ကို၊ မသက်လျာဦးတို့လည်း လာရောက်ဖျော်ဖြေရန် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly