ဝလက်နက်ကိုင်အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေး ကျင်းပမည်

ဝလက်နက်ကိုင်အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေး ကျင်းပမည်
၂၀၁၅ မေလက UWSA ဌာနချုပ် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ဌာနချုပ်) ပန်ဆန်းတွင် UWSAက ဦးစီးပြုလုပ်သည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး။ (ဓာတ်ပုံ-အီးပီအေ)

ချင်းမိုင်၊ ဧပြီ ၁၂ ။    ။ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဌာနချုပ် ပန်ခမ်းတွင် မကြာမီရက်ပိုင်းအတွင်း စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး ထပ်မံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တစ်နိုငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ် မထိုးသေးသော အဖွဲ့အစည်းများအား တစ်ဖွဲ့ချင်းအလိုက် ဖိတ်ကြားထားပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲ အစည်းအဝေးဖြစ်သည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)မှ ပြောရေးဆိုခွင့်ရှိသူ တာပန်လှက ပြောသည်။

“ဒီရက်ပိုင်းမှာ ကျနော်တို့ ၂ လပိုင်းက လုပ်တဲ့ ပန်ခမ်း အစည်းအဝေးရဲ့ နောက်ဆက်တွဲလို့ သိရပါတယ်။ ကျနော်တို့ အန်စီအေ လမ်းစဉ်ကို မလိုက်ဘဲ တခြားလက်တွေ့ကျတဲ့ နည်းလမ်းနဲ့ သွားကြမယ်ဆိုတဲ့နေရာမှာ ဘယ်လိုမျိုးသွားကြမလဲ၊ စတိတ်မင့်မှာပါတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလက UWSP ဌာနချုပ် ပန်ခမ်းမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် UWSP နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ရ ဖွဲ့က အစိုးရဘက်မှ လုပ်ဆောင်နေသော NCA လမ်းကြောင်းအတိုင်းမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေး လမ်းကြောင်းသစ်ဖြင့် ဆက်သွားရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်ပြည်တိုးတက်ရေးပါတီ (SSPP)တို့က ၄င်းတို့ ဆုံးဖြတ်ခဲ့မှုတွင် ပါဝင်သော်လည်း UNFC မှ ခွဲထွက်မည်မဟုတ်ဘဲ NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆွေးနွေးသွားရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဧပြီလ ၃ ရက်မှ ၅ ရက်ထိ ကျင်းပသော အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့သည်။

၎င်းတို့ ဆုံးဖြတ်ချက်အပေါ် နှစ်ဖက် နားလည်မှု ရရှိစေရန်အတွက် သင်္ကြန်ပြီးနောက် UNFC ခေါင်းဆောင်တချို့ UWSP ထံသို့ သွားရောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်။

မွန်ပြည်သစ်တီ (NMSP)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို တတိယအကြိမ် ထိပ်သီးအစည်းဝေးသို့ မတက်ရောက်သော်လည်း နိုင်ငံရေးစာတမ်းများ တင်သွင်းခဲ့သည်။ ယခု စတုတ္ထအကြိမ် အစည်းအဝေးတွင်လည်း တက်ရောက်၊ မတက်ရောက် မသိသေးပေ။ သို့သော် UNFC က ထိုအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း ဧရာဝတီသတင်းဌာနတွင် နိုင်ဟံသာက ပြောဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျာဖြစ်သော UWSP အပါအဝင် KIO၊ SSPP၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်(မိုင်းလား)တပ်ဖွဲ့ (NDAA)၊ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်-ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင်လက်နက်ကိုင်အဖွဲ့(AA) (၇) ဖွဲ့က ပါဝင်ခဲ့ပြီး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် “နိုင်ငံရေးဆွေးနွေးမှုကော်မတီ” ဖွဲ့စည်းရန် သဘောဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly