မဟာလူသားဝါဒီ ကဗျာဆရာကြီး ဇော်ဂျီ

မဟာလူသားဝါဒီ ကဗျာဆရာကြီး ဇော်ဂျီ

မြန်မာ့စာဆိုကြီး ဆရာဇော်ဂျီကို ကျွန်တော်ငယ်စဉ်က စိတ်ထဲမှာ အသိအမှတ်ပြုလို့မရခဲ့ပါ။

ဒီတုန်းက ကျွန်တော်က “လူတန်းစားခွဲခြားသတ်မှတ်သုံးသပ်”တဲ့ လက်ဝဲ အယူအဆတချို့ကို ခြောက်ကပ်စွာ အသေဆုတ်ကိုင်ထားတဲ့့ အရွယ်ဖြစ်ပါတယ်။

လူတန်းစား ခွဲခြားသတ်မှတ်သုံးသပ်တဲ့အယူအဆဆိုတာနဲ့ပတ်သက်ပြီး အယူအဆတချို့ကို ဥပမာပေးရမယ်ဆိုရင်…၊ ကျွန်တော် ငယ်စဉ် ဆယ်ကျော်သက်အရွယ်က ကျွန်တော်တို့အိမ်ရှိရာလမ်းထဲမှာ နေထိုင်တဲ့ မိသားစုတွေကို လူတန်းစားသုံးမျိုးသုံးစားခွဲပြီး ကြည့်ခဲ့ပါတယ်။ “ချမ်းသာ၊ အလယ်အလတ်နဲ့ ပစ္စည်းမဲ့ကြောမွဲ”ဆိုပြီး လူတန်းစားသုံးမျိုးခွဲပါတယ်။ လမ်းမှာ ချမ်းသာတဲ့မိသားစုဝင်တွေနဲ့တွေ့ရင် ကျွန်တော်က နှုတ်မဆက်ပါဘူး။ အဲဒီမိသားစုဝင်တွေကို ရန်လိုတဲ့မျက်လုံးနဲ့ ကြည့်တတ်ပါတယ်။  အလယ်အလတ်တန်းစား မိသားစုဝင်တွေနဲ့တော့ ပုံမှန်ပေါင်းပါတယ်။ ဆင်းရဲသားမိသားစုဝင်တွေကိုတော့ ဖက်လှဲတကင်း အနွေးထွေးဆုံး ဆက်ဆံပါတယ်။ ဒီလို ဘာကြောင့်လုပ်ရသလဲဆိုတော့ “ချမ်းသာရင် ဆန့်ကျင်တိုက်ခို်က်၊ အလယ်အလတ်ကိုမဟာမိတ်ပြုလက်တွဲ၊ ဆင်းရဲကိုကြတော့ ပူးပေါင်း”ဆိုတဲ့ စံတော်ဝင်လက်ဝဲသူငယ်နာအယူအဆကို ကျွန်တော်က ယုံကြည်တယ်လေ။

ကျွန်တော်တို့လမ်းထဲမှာက အိမ် ၅၀ လောက်ပဲ ရှိပါတယ်။ တနေ့တနေ့ အဲဒီ “ပေါင်း၊ တွဲ၊ တိုက် ”အယူအဆနဲ့ စာအုပ်အကြီးကြီးတွေကိုင်ပြီး အလုပ်ရှုပ် အတွေးရှုပ်နေတဲ့ ကျွန်တော့်ကို ဖခင်ဖြစ်သူက တော်တော်လေးလည်း မျက်စိနောက်ဟန်တူပါတယ်။ တော်တော် ရူးတဲ့ကောင်လို့တောင်မှ ငြီးငြူပြောဆိုပါတယ်။

နောက်တစ်ခု ရှိပါသေးတယ်။ ကျွန်တော်က “မိဘမေတ္တာတို့ လူသားတို့ရဲ့ ချစ်ခင်မှု”ဆိုတာတွေကိုလည်း လက်မခံပါဘူး။ ယုံလည်း မယုံကြည်ပါဘူး။ လောကမှာ “လူတန်းစားမေတ္တာပဲ”ရှိတယ် ကျန်တဲ့မေတ္တာအယူအဆတွေက အရင်းရှင်လူတန်းစားရဲ့ ဖေါက်ပြန်မှားယွင်းတဲ့အယူအဆဖြစ်တယ်ဆိုပြီး မိသားစုအတွင်းမှာ မိဘကို လူရှေ့မရှောင်သူ့ရှေ့မရှောင် ပြန်လှန်မေးခွန်းထုတ်လေ့ရှိပါတယ်။ အမြဲတန်းလိုလို စကားအထွန့်တက်ပြီး မိဘကို မိဘဆိုတဲ့နေရာမှာမထားချင်တဲ့ စိတ် ရှိခဲ့ဖူးပါတယ်။ မိဘတွေက ကျွန်တော့်အပေါ် မေတ္တာနဲ့ဆုံးမရင် ဒါဟာ င့ါကို လူတစ်ယောက်အနေနဲ့ လွတ်လပ်စွာနေထိုင်ခွင့်မပေးချင်လို့ ပညတ်တာပဲဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ချင် ဖြစ်နေတတ်ပါတယ်။ “မိဘမေတ္တာ”ဆိုတာကို မယုံကြည်ပဲ “လူတန်းစားမေတ္တာ”ကိုပဲ ယုံကြည်ပါတယ်။ ကျွန်တော့်မိသားစုအတွင်းမှာလည်း ကျွန်တော်က လူတန်းစားခွဲပြီး စဉ်းစားတတ်ပါတယ်။ ဖခင်ကို ဖိနှိပ်သူ၊ မိခင်နဲ့တည့်အောင်နေပြီး မောင်နှမတွေကိုတော့ အဖိနှိပ်ခံရသူ တွေဖြစ်တယ်လို့ယူဆပြီး တရင်းတနှီးနေပါတယ်။ မိသားစုမေတ္တာဆိုတာ စစ်မှန်တဲ့မေတ္တာလို့ မယူဆပဲ  လူတန်းစားမေတ္တာကလွဲရင် ဘယ်လိုသောမေတ္တာမဆို မှားယွင်းဖေါက်ပြန် တဲ့သဘော သဘာဝရှိတဲ့မေတ္တာ အဖြစ် ယုံကြည်ခဲ့ပါတယ်။

အဲသလို အယူအစွဲ ကြီးနေတဲ့အချိန်၊ အဲသလိုအရွယ်မှာပဲ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်း” ကဗျာတွေကို ဖတ်ခဲ့ပါတယ်။ ဒီတုန်းကများ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကလည်း အရှိန်အဟုန်ကြီးစပြုတဲ့အချိန်ဆိုတော့ အဲဒီ ဗေဒါလမ်းကဗျာတွေဟာ လူတန်းစားကိုယ်စားပြုတဲ့ကဗျာတွေမဟုတ်ဘူး၊ မှားယွင်းတဲ့အယူအဆ တပ်ဆင်ထားတဲ့ကဗျာတွေအဖြစ် တချိန်လုံး ဆန့်ကျင်ရှုတ်ချပါတယ်။

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာအယူအဆ မဟာလူသားဝါဒကို “လူတန်းစားကိုယ်စားမပြု”လို့ဆိုပြီး စွဲချက်တွေအမျိုးမျိုးတင်ပြီး လူတွေကို လမ်းလွဲအောင်၊ အယူအဆအရ ထိုင်းမှိုင်းအောင် အိပ်မွေ့ချတဲ့ကဗျာတွေအဖြစ် ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။  အရင်းရှင်လူတန်းစားရဲ့ ဖေါက်ပြန်မှားယွင်းတဲ့အယူအဆတွေနဲ့ရေးတဲ့ကဗျာတွေအဖြစ် မြင်ပါတယ်။

နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ ရီနေဆန်းအချိန်လို့ဆိုတဲ့ အသက် ၄၀ ၀န်းကျင်မှာတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို တကယ့် ကြီးကျယ်မြင့်မြတ်တဲ့ မဟာလူသားဝါဒ အဖြစ် နားလည်လက်ခံလာနိုင်ခဲ့ပါတယ်။ ကျွန်တော့်ကိုယ်ပေါ် ကပ်ငြိနေတဲ့ လူတန်းစားမေတ္တာ အညစ်အကြေးကို တဖြေးဖြေးနဲ့ ဖြူစင်အောင် ဆေးနိုင်တဲ့အချိန်မှာတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေဟာ ကျွန်တော့်ရဲ့ ဘဝလမ်းညွှန်ကဗျာတွေအဖြစ် ရှေ့တိုးဖြစ်တည်လာခဲ့ပါတော့တယ်။

(၂)

ဆရာဇော်ဂျီဟာ ဗေဒါလမ်း ကဗျာစုကို ပုဒ်ရေ ( ၄၁ )ပုဒ်အထိ ရေးခဲ့ပါတယ်။ ( ဆရာဇော်ဂျီက ဗေဒါလမ်း ကဗျာစုလို အခြားကဗျာစု နှစ်စုလည်း ရေးခဲ့ပါသေးတယ်။ “ညီသစ်ဆင်း ကဗျာစု” နဲ့ “ရှေးခေတ်ပုဂံ ကဗျာစု”တွေပါပဲ။ ညီသစ်ဆင်း ကဗျာစုက “ပုတ္တောဝါဒ” အရရေးတဲ့ ကဗျာစုဖြစ်ပြီး ရှေးခေတ်ပုဂံ ကဗျာစုကတော့ “ဇာတိပုည ဂုဏ်မာန”ကို ဖွဲ့တဲ့ ကဗျာစုပါပဲ။ )

ဗေဒါလမ်း ကဗျာစုခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ခွဲအသီးသီးနဲ့ ရေးခဲ့ပါတယ်။ ပထမဆုံးရေးတဲ့ကဗျာရဲ့ခေါင်းစဉ်က “မယ့်လမ်းပါလား” ကဗျာဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ရေးပါတယ်။ ဒါကြောင့်မို့ ဆရာဇော်ဂျီဟာ ဗေဒါလမ်းကဗျာစုကို ၁၉၅၇ ခုနှစ်မှာ စတင်ရေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ပထမ စတင်ရေးဖွဲ့တဲ့ ၁၉၅၇ ခုနှစ်ကနေပြီး ၁၉၆၂ခု၊  ၅ နှစ်အတွင်း ဗေဒါလမ်းကဗျာ ၃၂ ပုဒ်အထိ ရေးဖွဲ့ပါတယ်။ အဲဒီ ၁၉၆၂ ခုနှစ်ရောက်တဲ့အခါ ရေးဖွဲ့မှု ခဏနားခဲ့ပြီး  ၁၉၆၇ နှစ်ကြတော့ ဗေဒါလမ်းကဗျာ အမှတ်စဉ် ၃၃ ၊ မင့် စေတနာ ကဗျာကို ဆက်ရေးပါတယ်။ ၁၉၈၁ ခုနှစ်မှာ နောက်ဆုံကဗျာဖြစ်တဲ့ “တလှည့်စီ စုန်ဆန်မြဲ”ကဗျာကို ရေးပါတယ်။ စုစုပေါင်း ဗေဒါလမ်းကဗျာ ၄၁ ပုဒ် ရေးခဲ့ပါတယ်။ ဒီကဗျာတွေကို စုစုပေါင်း ၂၄ နှစ်ကြာ အချိန်ယူရေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဗေဒါလမ်း ကဗျာစု ဟာ လူသားတွေ ထားရှိသင့်ထားရှိအပ်တဲ့ စိတ်ကို တခမ်းတနားဖွဲ့ဆိုတဲ့ကဗျာတွေအဖြစ် ထင်ရှားလှပါတယ်။ ပုထုဇဉ်လူသားဖြစ်သော်ငြားလည်း လောကဓံရှစ်ပါးကို ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ မဟာလူသားအဖြစ် ဆောက်တည်ကျင့်သုံးအပ်ကြောင်း တိုက်တွန်းထားတဲ့ ကဗျာစုဖြစ်ပါတယ်။ ဒီကဗျာစုထဲမှာပဲ ပုထုဇဉ်လူသားတွေရဲ့ ဖြစ်မှု ပျက်မှု အစုစုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီကဗျာစုတွေကပဲ ဆရာဇော်ဂျိီကို ဒဿနကဗျာဆရာ၊ မဟာလူသားဝါဒီ ကဗျာဆရာအဖြစ် လူတွေ လက်ခံလာစေတာပါပဲ။

ဒီကဗျာအားလုံးထဲက ထင်ရှားတဲ့ကဗျာတစ်ပုဒ်ကတော့ နာမည်ကျော် “ပန်းပန်လျက်ပဲ” ကဗျာပါပဲ။ ( ဒီကဗျာကို ဒါရိုက်တာ ဦးချစ်ခင်က သူ့ရဲ့ ပန်းပန်လျက်ပါ ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ဝင်တေးအဖြစ် ထည့်သွင်းရိုက်ခဲ့ပါတယ်။ စန္ဒယားချစ်ဆွေက သီချင်းဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ နိုင်ငံကျော် သိီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ )

 

“ပန်းပန်လျက်ပဲ”

ညိုပြာပြာ လတာပြင့် ခြေရင်း။

လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာ ဆင်း။

 

ဆင်းရလဲ မသက်သာ။

အုန်းလက်ကြွေ ရေပေါလော မျောစုန်လို့လာ။

 

အဆင်းနဲ့အလာ ဗေဒါမ အထွေး။

အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး။

 

ဆောင့်ခဲ့လဲ မသက်သာ။

နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ။

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။

တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

 

ပေါ်ပြန်လဲ မသက်သာ။

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်တည်း။

အယက် အကန် ခံလို့

ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။     ။

( ၃ )

ဆရာဇော်ဂျီဟာ မြန်မာစာပေသမိုင်းမှာ ခေတ်စမ်းစာပေခေတ် ထူထောင်ကြသူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ခေတ်စမ်းစာပေခေတ် ထူထောင်ကြသူတွေထဲမှာ အထင်ရှားဆုံး စာရေးဆရာ ကဗျာဆရာများကတော့ စကားပြေမှာ “သိပ္ပံမောင်ဝ”၊  ကဗျာမှာကြတော့ ဆရာ“ဇော်ဂျီ” နဲ့ ဆရာ“မင်းသုဝဏ်” တို့ ဖြစ်ပါတယ်။

၁၉၂၀ နဲ့ ၁၉၃၀ ခုနှစ် ၀န်းကျင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်စုဟာ “ခေတ်စမ်းစာပေ”ဆိုတဲ့ စာပေလှုပ်ရှားမှုတစ်ခု လုပ်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာစာပေကို အနောက်တိုင်းစာပေနဲ့ ရောစပ်ပြီး စာပေအမျိုးအစားသစ် တီထွင်ကြတာပါပဲ။ ဒါပေမယ့် ခေတ်စမ်းစာပေဟာ ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အခြေခံထားပြီးမှ ဥရောပစာပေနဲ့ ရောစပ်ဖို့ ကြိုးစားကြတာပါ။ “အရိုးပေါ် အရွက်မဖုံးစေတဲ့နည်း”ကို သုံးခဲ့ကြပါတယ်။ အနောက်တိုင်း ဥရောပယဉ်ကျေးမှုကို ပုံတူကူး နို့သက်ခံစို့တဲ့နည်းကို ရှောင်ရှားပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ပင်စည်ပင်မထားပြီး စာပေအမျိုးအစားသစ်ကို စမ်းသပ်တဲ့သဘော တီထွင်ကြတာပါ။ ဒါကြောင့်မို့လည်း “ခေတ်စမ်းစာပေ”အဖြစ် ကျော်ကြားလာခဲ့တာပါ။

ခေတ်စမ်းစာပေ တီထွင်လျှောက်လှမ်းကြသူတွေထဲမှာ ကဗျာလှုပ်ရှားမှုကို ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့နှစ်ဦးက အတွဲညီခဲ့ကြပါတယ်။ တချိန်က မြန်မာကဗျာနယ်ပယ်မှာ ထည့်သွင်းရေးဖွဲ့လေ့မရှိတဲ့ လူသာမာန်များအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်းနဲ့ လူကလွဲ အခြား တိရိစ္ဆာန်လေးများအထိ ထည့်သွင်းရေးဖွဲ့ခဲ့ကြပါတယ်။ ရှေးက နန်းတော်ပရဝဏ်အတွင်းမှာ ကျင်လည်ကျက်စားနေခဲ့တဲ့ မြန်မာကဗျာကို နန်းတော်ပြင်ပ ကျေးရွာဇနပုဒ်အထိ အကြောင်းအရာသစ်တွေ ဖြန့်ကျက်ဆန့်ထုတ်ပြီး ရေးကြပါတယ်။ လူများစု သာမာန်ပြည်သူတွေနဲ့ ပိုပြီး ထိစပ်နီးကပ်တဲ့အကြောင်းအရာတွေကို ကဗျာဖွဲ့ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ “ခေတ်စမ်းစာပေခေတ်” ဆိုတာ မြန်မာစာပေသမိုင်းမှာ ကမ္ဘာတည်သရွေ့ တည်တံ့နေတော့မယ့် စာပေခေတ်တစ်ခေတ် ဖြစ်လာပါတော့မယ်။

အမှန်တကယ်တော့ ခေတ်စမ်းစာဆိုကြီး ဆရာဇော်ဂျီအကြောင်း၊ ဆရာဇော်ဂျီရဲ့ စာပေကြိုးပမ်းဆောင်ရွက်မှုများနဲ့ ဆရာဇော်ဂျိီရဲ့ စာပေအမွေအနှစ်များအကြောင်း ပြောမယ်ရေးမယ်ဆိုရင် ကျမ်းအစောင်စောင် ပြုစုရေးသားမှသာ ပြည့်စုံပါလိမ့်မယ်။ အခု ရေးနေတဲ့ ဆောင်းပါးလောက်နဲ့တော့ ဘယ်နည်းနဲ့မှ ဆရာဇော်ဂျီရဲ့ဂုဏ်ကို ပြည့်စုံအောင် ရေးနိုင်ဖွယ်မရှိဘူးဆိုတာ ၀န်ခံအပ်ပါတယ်။

ကျွန်တော့်အနေနဲ့တော့ ဆရာဇော်ဂျိီ ရဲ့ ၁၁၀ ကြိမ်မြောက်မွေးနေ့ကို ဤမျှလောက်သော ဆောင်းပါးနဲ့ပဲ မိတ်ဆက်သဘော ဂုဏ်ပြုလိုက်ပါတယ်။

 

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ဇော်ဂျီ ကဗျာပေါင်းချုပ်စာအုပ် ငှားရမ်းကူညီခဲ့သူ တူမလေး ကဥ္စနာအား ကျေးဇူးတင်စွာဖြင့်။

Mizzima Weekly