လူဝီတွမ်လင်ဆန်၏ လေဆိပ်၌ဖြစ်ပွားခဲ့သော အမှုအား ဆုံးဖြတ်ရန် အချိန်ကြန့်ကြာမည်

လူဝီတွမ်လင်ဆန်၏ လေဆိပ်၌ဖြစ်ပွားခဲ့သော အမှုအား ဆုံးဖြတ်ရန် အချိန်ကြန့်ကြာမည်

လော့စ်အိန်ဂျယ်လိစ် နိုင်ငံတကာလေဆိပ်၌ အဆိုတော် လူဝီတွမ်လင်ဆန်သည် ဓာတ်ပုံသမားတစ်ဦးအား တိုက်ခိုက်ခဲ့သည်ဆိုသော အမှုကိစ္စနှင့်ပက်သက်၍ တရားစွဲဆိုရန် သင့်မသင့်ကို ဆုံးဖြတ်ချက်ချသွားရန် တစ်နှစ်ခန့် အချိန်ကြန့်ကြာသွားမည် ဖြစ်ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ အဆိုတော်သည် ပြီးခဲ့သော မတ်လ ၃ ရက်နေ့က လော့စ်အိန်ဂျယ်လိစ် နိုင်ငံတကာ လေဆိပ်၌ ဓာတ်ပုံသမားတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် ခဏတာ အဖမ်းခံခဲ့ရပြီး အာမခံ ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထိုအချိန်က သူသည် သူ၏ချစ်သူ အီလီနော်ကယ်လ်ဒါနှင့်အတူ ခရီးထွက်ရန် လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

သူ၏အမှုကိစ္စအား ပြီးခဲ့သော မတ်လ ၂၉ ရက်နေ့က ကြားနာသွားရန် စီစဉ်ထားသော်လည်း အစိုးရရှေ့နေများက ထိုအမှုသည် ထင်တာထက်ပို၍ ရှည်ကြာသွားနိုင်ကြောင်း ပြောခဲ့သည်။

“ဒီအမှုနဲ့ပက်သက်ပြီး မည်သည့် ဆုံးဖြတ်ချက်ကိုမှ မယ်မယ်ရရ မချမှတ်ရေးသေးပါဘူး။ အမှုကို ပြန်လည်ဆန်း စစ်နေဆဲပဲ ရှိပါသေးတယ်” ဟု လော့စ်အိန်ဂျယ်လိစ် ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောခဲ့သည်။

လူဝီတို့အတွဲသည် လာ့စ်ဗီးဂတ်စ်မြို့သို့ အားလပ်ရက်ခရီး ထွက်လာခဲ့အပြီးမှ ပြန်အလာတွင် လော့စ်အိန်ဂျယ် လိစ်လေဆိပ်၌ ယင်းကဲ့သို့ အမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

One Direction အဖွဲ့၏ စတားအဆိုတော်ဖြစ်သူ၏ ရှေ့နေကတော့ ဓာတ်ပုံသမားများအား ပြစ်တင်ဝေဖန်ခဲ့ပြီး သူတို့သည် လူဝီကို ဒေါသထွက်အောင် စိတ်ဆွခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

“ပါပါရာဇီတွေဟာ ယခုလိုမျိုး နာမည်ကျော်တွေနဲ့ အော်ဟစ်ငြင်းခုံမှုတွေ ဖြစ်အောင် ဖန်တီးနေကြတာဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး” ဟု ရှေ့နေ မာတင်ဆင်ဂါက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly