ကမ္ဘာ့အွန်လိုင်းသုံး လူဦးရေ၏ တစ်ဝက်မှုာ ဖေ့စ်ဘုတ်ကို အသုံးပြုနေကြဟုဆို

ကမ္ဘာ့အွန်လိုင်းသုံး လူဦးရေ၏ တစ်ဝက်မှုာ ဖေ့စ်ဘုတ်ကို အသုံးပြုနေကြဟုဆို

လန်ဒန်၊ ဇူလိုင်-၃၀ ။      ။ ကမ္ဘာ့အွန်လိုင်းလူဦးရေ၏ ထက်ဝက်ခန့်မှာ တစ်လလျှင်အနည်းဆုံးတစ်ကြိမ် လူမှုကွန်ရက်ဘီလူးကြီး ဖေ့စ်ဘုတ် (Facebook)သို့ တက်ရောက်လေ့ရှိကြသည်ဟု ဆိုသည်။

ဖေ့စ်ဘုတ်ကို လစဉ်အသုံးပြုသူအရေအတွက်မှာ သုံးလအတွင်း ၁ဒသမ၄၉ဘီလျံအထိ ၁၃ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ဆိုသည်။ ယင်းအရေအတွက်မှာ ကမ္ဘာနှင့်အဝန်း အင်တာနက်အသုံးပြုသူ ၃ ဘီလျံ ၏ တစ်ဝက်နှင့် ညီမျှသည်။ ဖေ့စ်ဘုတ်အသုံးပြုသူများ၏ တစ်ဝက်ကျော် ၆၅ရာခိုင်နှုန်းမှာ နေ့စဉ်အသုံးပြုသူများဖြစ်သည်။

လစဉ်ပုံမှန်အသုံးပြုသူအရေအတွက် မြင့်တက်လာမှုကြောင့် ဖေ့စ်ဘုတ်၏ ဒုတိယသုံးလပတ်ဝင်ငွေမှာ ကန်ဒေါ်လာ ၄ဒသမ၀၄ဘီလျံအထိ ၃၉ရာခိုင်နှုန်း တိုးလာခဲ့ရာတွင် မိုဘိုင်းကြော်ငြာဝင်ငွေမှာ အဓိက ကျခဲ့ပြီး၊ ဝင်ငွေစုစုပေါင်း၏ လေးပုံသုံးပုံကျော်ရှိသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် လူထုများမှာ ၎င်းတို့၏ စမတ်ဖုန်းများဖြင့် ၅မိနစ်တိုင်းတွင် တစ်မိနစ်ကျ ဖေ့စ်ဘုတ်ကို အသုံးပြုနေကြသည်။

ယခုလက်ရှိတွင် ဖေ့စ်ဘုတ်ရှယ်ယာတစ်ခုကို ၉၇ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုနှစ်တွင် ၂၄ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ဖေ့စ်ဘုတ်သူဌေး မာ့ခ်ဇူကာဘတ်က အားကောင်းသော ရက်သတ္တပတ်ဟု ခေါ်တွင်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကမူ မိုဘိုင်းဝင်ငွေကို တိုးတက်လာစေရန် ရည်ရွယ်၍ အပြောင်းအလဲများပြုလုပ်၍ ဝန်ထမ်းအသစ်များ ခန့်အပ်ခဲ့သည့်အပြင် မက်ဆေ့ချ်ဝန်ဆောင်မှု Whatsapp နှင့် ဓာတ်ပုံမျှဝေဆော့ဖ်ဝဲ Instagram ကဲ့သို့သော ထုတ်ကုန်များကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်ခဲ့သည့်အတွက် အသုံးစရိတ် ၆၅ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာလိမ့်မည်ဟု ဖေ့စ်ဘုတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly