ဖိလစ်ပိုင်နိုင်ငံ သမ္မတအိမ်တော်ရာအနီးတွင် ဧပြီ ၁၁ ရက်က အစိုးရ၏ မူးယစ်နှိမ်နင်းရေး၌ တရားမဲ့သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ကာ NGO အဖွဲ့များနှင့် ဆန္ဒပြသူ ဒါဇင်များစွာ စုရုံးဆန္ဒပြကြသည်။
မာလာကန်နန်းအိမ်တော်ရာအနီး ဆန္ဒပြသူပေါင်း ၁၀၀ ကျော်ထက်မနည်းရှိပြီး သမ္မတ ဒူတာတေး၏ အငြင်းပွာဖွယ် မူးယစ်နှိမ်နင်းစစ်ပွဲနှင့် သေဒဏ်ပြစ်ဒဏ်ကို ထောက်ခံခြင်းများအတွက် ယေရှုခရစ် ကားစင်တင်ကာ အသတ်ခံရသည့် ပုံစံမျိုးလုပ်ဆောင်ကာ ဆန္ဒပြသူများလည်း ရှိကြောင်း EFE သတင်းဌာနက ဖော်ပြသည်။
ဆန္ဒပြအုပ်စုတွင် ကျေးလက်ဖွံ့ဖြိုးကူညီရေးအဖွဲ့မှ အဖွဲ့ဝင် ၈၀ ကျော်နှင့် အလုပ်သမားအခွင့်အရေးအဖွဲ့ဖြစ်သော SENTRO မှ အဖွဲ့ဝင် ၅၀ တို့လည်း ပါဝင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။
သမ္မတ ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး ဒုတိယအသုတ် ပြန်လည်စတင်သည့် ပြီးခဲ့သည့်လအတွင်း သံသယရှိ မူးယစ်ဆေးဝါးရောင်းချသူနှင့် ဆေးစွဲသူပေါင်း ၁၀၀ ကျော်ထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း အစိုးရ၏ အစီရင်ခံစာထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်း ယခုဆန္ဒပြမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။
မူးယစ်နှိမ်နင်းရေး ပထမအသုတ်ကို ဒူတာတေးက ၂၀၁၆ ဇွန်လနှောင်းပိုင်း ရာထူးရချိန်မှ စတင်ဆင်နွှဲခဲ့ရာတွင် ခုနစ်လအတွင်း လူပေါင်း ရ၀၀၀ကျော်ထက်မနည်း သေဆုံးခဲ့သည်။