ငြိမ်းချမ်းရေးရဖို့ လက်နက်အစား ဦးနှောက်နဲ့ အဖြေရှာကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ငြိမ်းချမ်းရေးရဖို့ လက်နက်အစား ဦးနှောက်နဲ့ အဖြေရှာကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ငြိမ်းချမ်းရေးသည် လက်နက်ကိုင်နည်းလမ်းဖြင့် ရနိုင်မည်မဟုတ်ဘဲ နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာသည့်နည်းလမ်းဖြင့်သာ ရနိုင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“လက်နက်ကိုင်တပ်ဖွဲ့တွေကို အမေက အမြဲပဲပြောတယ်။ စားပွဲမှာထိုင်ပြီးတော့ ဆွေးနွေးပါ။ ကိုယ်လိုချင်တာကို စားပွဲမှာ တောင်းယူပါ။ လက်နက်နဲ့ ငြင်းမယ့်၊ ခုံမယ့်အစား ပါးစပ်နဲ့ ဦးနှောက်နဲ့ ငြင်းကြ၊ ခုံကြပါ။ ကိုယ့်အနေနဲ့ လက်မခံနိုင်ဘူး၊ မကြိုက်ဘူးဆိုတဲ့ကိစ္စတွေကို တင်ပြပါ၊ ဆွေးနွေးပါ။ ဟိုဘက်အမြင်၊ ဒီဘက်အမြင် နားထောင်ကြပါဆိုပြီးတော့ အမေ အမြဲပဲ ပြောပါတယ်။ ဒီနည်းနဲ့ပဲ ငြိမ်းချမ်းရေးဟာ ရနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ဧပြီ ၁၁ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေလူငယ်များ၏ စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နှစ်ပေါင်း ၆၀ကျော် သန္ဓေတည်လာသည့် ပြည်တွင်းစစ်၏ အကျိုးဆက်ဖြစ်သော ဒဏ်ရာဒဏ်ချက်များကို ကုစားနိုင်ရန် ငြိမ်းချမ်းရေးအမြန်ရဖို့ လိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က စကားဝိုင်းတွင် ပြောသည်။

“ငြိမ်းချမ်းရေးလမ်းကို လျှောက်တဲ့အခါမှာ တဖြည်းဖြည်းဆိုပေမယ့်လည်း သိပ်ပြီး ဖြေးလို့လည်း မဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငြိမ်းချမ်းရေးရဖို့အချိန်ကြာလေ၊ ဒီနိုင်ငံ နာလေပဲ။ ဒီနိုင်ငံ ဒဏ်ရာဒဏ်ချက်တွေ မြန်မြန်ပျောက်ကင်းစေချင်ရင် ငြိမ်းချမ်းရေးကို မြန်မြန်ရအောင် လုပ်ဖို့လိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူလူထုအားလုံးက ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းစဉ်းစားပြီး ဆောင်ရွက်ပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။

စကားဝိုင်းတွင် ကချင်၊ ရှမ်း၊ ကိုးကန့်၊ ကရင်၊ ပအိုဝ်း၊ ပလောင်၊ မွန်နှင့် ဗမာစသည့် တိုင်းရင်းသားစုစုပေါင်း ၁၂ဦး တက်ရောက်ကာ ၎င်းတို့ဒေသတွင် ကြံုတွေ့ရသည့် အခက်အခဲများ၊ ငြိမ်းချမ်းရေးမရရှိခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေရသည့် အခြေအနေများနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများ၊ အခွန်ဆောင်သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

တက်ရောက်လာသည့် လူငယ်အားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလားကြောင်း အသီးသီး ထုတ်ဖော်ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly