အောင်မြင်တဲ့ မိတ်ကပ်ဆိုတာ

အောင်မြင်တဲ့ မိတ်ကပ်ဆိုတာ

မပြောမပြီး မတီးမမြည်ဆိုသလို၊ ပြောလည်းမပြီး တီးလည်းမမြည်တဲ့အကြောင်းပဲ ပြောကြည့်ချင်ပါတယ်။ လောကကြီးမှာ အောင်မြင်တယ်ဆိုတာဘာလဲ၊ ဘယ်လို စံသတ်မှတ်ချက်နဲ့ ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲ၊ မောင်မှန် ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးတယ်။ လျှောက်စူးစမ်းတယ်၊ အောင်မြင်မှုရဲ့ သဘောကို အကုန်အစင် မသိနိုင်သေးပေမယ့် သိတန်သလောက်တော့ သိခဲ့ရပါတယ်။ ထမင်းဆိုင်တစ်ဆိုင် အောင်မြင်တယ်ဆိုတာ အဲဒီထင်းဆိုင်မှာ လူတွေအများကြီး လာရောက်သုံးဆောင်ကြတာကို ဆိုလိုတာပေါ့။ အပြန်အလှန်အားဖြင့်ဆိုရင် (ချဲစကားနဲ့ အားရရင်)လူအများအပြား လာရောက်အားပေး သုံးဆောင်ကြသော ထမင်းဆိုင်ဟာ အောင်မြင်တဲ့ ထမင်းဆိုင်ပေါ့။ ထမင်းဆိုင်တင်မဟုတ်ပါဘူး၊ ရောင်းရေးဝယ်တာ အားလုံးမှာ ဒီသဘောပါပဲ။ စားသုံးသူ (Customer) နည်းနည်းလာတဲ့ဆိုင်ဟာ မအောင်မြင်ဘူး၊ (အရင်းပြုတ်မယ်) စားသုံးသူ များများလာတဲ့ဆိုင်ဟာ အောင်မြင်မယ်(အမြတ်များမယ်)ပေါ့။

ဒါဆိုရင် YBS အောင်မြင်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်း အတော်များများ ဟုတ်သွားပါပြီ၊ YBS ကို ပြည်သူအများအပြား နိစ္စဓူဝ အပြတ်အားပေး သုံးဆောင်ကြရတာ နည်းမှတ်လို့။ အိမ်က မနက် ၆ နာရီ ထွက်လည်း YBS ပရိသတ်ကြီးက မှတ်တိုင်မှာ အပြည့်ပဲ၊ အခုရက်ပိုင်းတွေမှာ YBS အောင်မြင်မှုက ပိုသိသာလာတယ်။ အရင် မထသ ခေတ်က ခုလောက် အောင်မြင်မှု မရခဲ့ဘူး။ ဘောဂဗေဒ သဘောအရ ပြောရရင် Demand နဲ့ Supply မမျှဘူးဖြစ်နေတယ်။ ရောင်းလိုအားထက် ဝယ်လိုအားက များနေတယ်။ ဒါဆို Market (စျေးကွက်) ထဲမှာ ဒီပစ္စည်း ပေါက်ပြီပေါ့။ အောင်မြင်ပြီပေါ့။ ဒေါက်တာအောင်ထွန်းသက်တို့ ဆရာဘောညိုတို့ကို ပြေးမေးဖို့တောင် မလိုပါဘူး။ မောင်မှန်လို လူပြိန်းတောင် အလွယ်တကူ သိပါတယ်ခင်ဗျာ။

အဲဂလိုကြီး ကျပ်ကျပ်တည်းတည်း အောင်မြင်မှု သရဖူကို အရယူခဲ့တဲ့ YBS ကြီးဟာ အောင်မြင်မှုမှာ ယစ်မူးသာယာတော့တာပေါ့။ စပယ်ရာမင်းများရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုကျယ်ပြန့် နက်ရှိုင်းလာပြီး သြဇာအလွန်ထက်မြတ်လာပါတော့တယ်။ မထသ ခေတ်က သူတို့ အတိုင်ခံထားရသမျှ အရေးခံထားရသမျှ YBS ခေတ်မှာ သွေးကြွေးကလဲ့စားချေနေကြသလားတောင် အောက်မေ့ရပါတယ်။ တစ်နေ့တုန်းကများ YBS ၁၆ ကားတဲ့၊ မယ်သီလရှင်တစ်ပါးကို နောက်ကားနဲ့လိုက်ဆိုပြီး ကားပေါ်က တွန်းချလိုက်တာ နောက်ကားက တက်ကြိတ်ပြီး ခြေထောက်ဖြတ်ရမယ့် အခြေအနေ ဆိုက်နေပါပြီတဲ့။ ဒါက ကြားဖြတ်အစီအရင်ခံလိုက်တာပါ။ ကားပေါ်ရောက်တာနဲ့ စပယ်ရာမင်းက အတင်းနင်းငေါက်တော့တာ၊ ရှေ့တိုးနောက်ဆုတ် အတင်းလုပ်ခိုင်းတော့တာ၊ အတက်ပေါက်၊ အဆင်းပေါက်တွေကို လိုရင်လိုသလို မလိုရင်မလိုသလို စပယ်ရာမင်းက စီမံခန့်ခွဲပါတယ်။ သူလိုရင် အဆင်းပေါက်ကလည်း တင်တာပဲ၊ အတက်ပေါက်ကလည်း ဆင်းခိုင်းတာပဲ၊ မလိုရင်များတော့လား တစ်မှတ်တိုင်လောက်လေး စီးတာကို ကားခေါင်း အတက်ပေါက်ကနေ၊ ကားနောက်ပြီးအဆင်းပေါက်အထိ ကြပ်ညပ်နေတဲ့ ခရီးသည်တွေကြား အတင်းတိုးခိုင်းတာ၊ ဆင်းမယ့်မှတ်တိုင် ရောက်တာတောင် တိုးမပြီးဘူး။

စပယ်ရာတွေကြောင့် ပြဿနာတက်တယ်ဆိုပြီး စပယ်ရာမပါတဲ့ကားတွေ YBS က တီထွင်ပါတယ်။ ဒါလည်းပဲ အခန့်မသင့်ခဲ့ရင်တော့ ယာဉ်မောင်းက စပယ်ရာရဲ့ အဟိန်းဟောက်တာဝန်ကို ဝင်ယူပေးတာမျိုးနဲ့ ကြံုရတက်ပါတယ်။ တစ်ရက်က မောင်မှန်ကိုယ်တွေ့ပါ၊ စပယ်ရာမပါတဲ့ YBS တွေ ထုံးစံအတိုင်း ယာဉ်မောင်းဘေးပေါက်ကတက်ပြီး ပိုက်ဆံပုံးထဲ ပိုက်ဆံထည့်ရပါတယ်။ အမ်းစရာရှိတော့လည်း ယာဉ်မောင်းက ကားမထွက်သေးဘဲ အပြီးလုပ်ရတယ်။ အဲဒီမှာ အချိန်တွေကြာပြီး ခရီးသည်တွေက အဝတစ်ပူတစ်၊ ကျော်ဝင်တဲ့သူက ကျော်ဝင်ဖြစ်ကုန်ရော၊ အထုပ်အပိုး မနိုင်မနင်းနဲ့ ဆရာတွေကလည်း ပါသေးတယ်။ ဒီမှာတင် YBS ယာဉ်မှူးကြီးက ယာဉ်မောင်းခုံဘေးမှာ မတ်မတ်ရပ်ပြီး ခရီးသည်သူတော်ကောင်းအပေါင်းကို ဆူပူကြိမ်းမောင်းပါတော့တယ်။ ပုံးထဲကို ပိုက်ဆံမှန်မှန်ကန်ကန်ထည့်ကြဖို့အကြောင်း၊ (တစ်ချို့ခရီးသည်တွေ ပိုက်ဆံမထည့်ရသေးတာ ကားခိုးစီးချင်လို့ မဟုတ်ပါဘူး၊ အဝမှာ လူတွေပိတ်ကျပ်နေလို့ ကျော်ဝင်သွားရတာပါ) ကားခ အကြွေဆောင်ထားဖို့အကြောင်းနဲ့ အထုပ်ခတွေ ပေးရမှာဖြစ်ကြောင်း စတာတွေကို non-stop လွှတ်တဲ့အပြင် စည်းကမ်းရှိကြဖို့ကိုလည်း အထပ်ထပ်မှာကြားပါတယ်။ သုံးမိနစ်လောက်ကြာမှ အားရသွားဟန်ရှိပြီး ကားကို မောင်းပါတယ်။ မောင်မှန်တို့ ခရီးသည်တွေက သုံးမိနစ်စောင့်ရသော်လည်းပဲ မာမားခေါက်ဆွဲပြုတ် မသောက်ရပါဘူး။ ကားဆရာ ယာဉ်မှူးကြီးက ကိုယ့်ခေါင်းကို မခေါက်၊ ဆံပင်ကို မဆွဲတာပဲ ကျေးဇူးတင်ရပါသေးတယ်။ ကြပ်တောင့်နေတဲ့ ကားထဲမှာ ဘာပြောပြော ကိုယ့်မပြောသလို နေတက်တဲ့ အလေ့အထကတော့ မ.ထ.သ ခေတ်ကတည်းက ရထားပြီးသားပါ။ YBS ခေတ်မှာ မောင်မှန်တို့ဟာ စပယ်ရာအဟောက်တင်မက ဒရိုင်ဘာအငေါက်ပါ ခံရဖူးသွားပါပြီခင်ဗျာ။ YBS အောင်မြင်ချက်ကတော့ ပြောလည်းမပြီး တီးလည်းမမြည်တော့ပါ။

ဟိုတစ်ရက်ကတော့ မြို့တင်းပတ်တဲ့ ၅၈ ကားက မနက်တစ်ပိုင်း သပိတ်မှောက်သတဲ့၊ ခေါက်ကြေးတွေပြောထားသလောက် မရလို့ဆိုလား၊ ဧပြီ ရ ရက်ကျတော့ ရ၅ ကားက တစ်လိုင်းလုံး မထွက်ဘူးတဲ့၊ အဲဒီလိုင်းက ယာဉ်မောင်းနဲ့ စပယ်ရာတွေက ခရီးစဉ် အပိုင်းအခြားလိုက် ၁၀၀၊ ၂၀၀၊ ၃၀၀ ကောက်ရမယ့်စနစ်ကြောင့် သူတို့ တွက်ခြေမကိုက်တော့ ခေတ္တ လိုင်းရပ်နားလိုက်တာလို့ ပြောပါတယ်။ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ထားပြီး ဆန္ဒပြတောင်းဆိုတဲ့ ပုံစံမဟုတ်ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ ကားမထွက်တာက မထွက်တာပဲလေ။ ခရီးသည်တွေ ဒုက္ခတွေ့ရတာပေါ့။ ဒီအရေး တွေးမြင်လို့လည်း ရန်ကုန်သူ/သားတွေကို လမ်းများများလျှောက်ဖို့ တိုက်တွန်းသူက တိုက်တွန်းခဲ့တာပေါ့။

YBS နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မဲဆန္ဒနယ် အမှတ် (၂) က အမတ် ဦးဝေဖြိုးဟန်က တိုင်းလွှတ်တော်ထဲမှာ ခုလို မှတ်ချက်ပေးခဲ့ပါတယ်။ "မထသ လူကြီးတွေဟာ YRTA ထဲမှာ ဆက်လက်ပါဝင်နေပြီး YBS ကြီး တစ်ခုလုံးရဲ့ Operation ပိုင်းမှာ ပါဝင်ပတ်သက်နေကြောင်း သိလိုက်ရလို့ လွန်စွာအံ့သြမိပါတယ်။ ........... YBS ဆိုပြီး လိမ်ထားတဲ့ မိတ်ကပ်တွေ တစ်လအကြာမှာ ပျက်ပြယ်သွားပြီးတော့ အောက်ခံ မထသရုပ် ပြန်ပေါက်လာပါတယ်။ ပြတ်ပြတ်သားသား အရေးယူမှု အားနည်းနေလို့ ဖြစ်ပါတယ်"တဲ့။ 

မောင်မှန်ကတော့ မိတ်ကပ်ကွာကျတဲ့အပြင် အပေါစား မိတ်ကပ်ကြောင့်ဖြစ်တဲ့ အလားဂျစ်(Alagic)ဒဏ်ကိုပါ ခံနေရတယ်လို့ ထင်ကြောင်းပါ။ ခံနေရတာဟာလည်း မထသတွေ YBS တွေ မဟုတ်ဘဲ ပြည်သူတွေပဲဖြစ်ကြောင်းပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly