သင်္ကြန်မဏ္ဍပ်ဆောက်ရန် အကြောင်းပြကာ တရားမဝင်သစ်သယ်ဆောင်မှုတွေ့ရှိပါက အရေးယူမည်

သင်္ကြန်မဏ္ဍပ်ဆောက်ရန် အကြောင်းပြကာ တရားမဝင်သစ်သယ်ဆောင်မှုတွေ့ရှိပါက အရေးယူမည်

မုံရွာ၊ ဧပြီ ၁၁ ။   ။ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန်အတွက်ဟု ဆိုကာ တရားမဝင်သစ်ခိုးထုတ်မှု၊ သယ်ဆောင်မှုများ ရှိလာပါက သစ်တောဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

ယခုနှစ်သင်္ကြန်ကာလတွင် အသုံးပြုရန်အတွက် သစ်တန်ချိန် ၁၀၄ တန်ကို ပြည်ထောင်စုဝန်ကြီးမှရောင်း ချခွင့်ပြုထားခဲ့ပြီး အထပ်သားအား လိုသလောက် ရောင်းချခွင့်ပေးထားကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။

စစ်တိုင်းကိုင်းမှ အရပ်ဘက်အဖွဲ့အစည်းအချို့ကမူ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် အကြောင်းပြပြီး တရားမဝင်သစ် ခိုးထုတ်မည်ကို စိုးရိမ်နေကြောင်း နှင့် ၎င်းတို့အနေဖြင့် စောင့်ကြည့်နေသည်ဟု ဆိုသည်။ 

"မဏ္ဍပ်သစ်လို့အကြောင်းပြပြီး ကုန်သည်တွေက သစ်ခိုးထုတ်လာရင် ဘယ်လိုလုပ်မလဲ။ မဏ္ဍပ်အတွက် ဘယ်သူတွေက ဝယ်ပြီးဘယ်သူတွေက သယ်ကြတာလဲ။ အမှန်တကယ် မဏ္ဍပ်ဆောက်ဖို့ရန်အတွက် သုံးလား၊ မသုံးဘူးလား ဆိုတာကို စစ်ဆေးဖို့တော့ လိုလိမ့်မယ်။" ဟု မင်းကင်းမြို့ သူရိယစန္ဒာ အရပ်ဘက်အဖွဲ့အစည်းမှ ကိုကျော်မင်းထွဋ်က ပြောသည်။

ယခုအချိန်တွင် သစ်ထွက်ရာမြို့နယ်များ၌ ၁၂ ဘီးကားကြီးများဖြင့် မဏ္ဍပ်သစ်များ သယ်ယူလျှက်ရှိသည်ကို တွေ့နေရပြီး ထိုသို့သယ်ဆောင်ရာတွင် တရားမဝင်သစ်များ ရောနှောပါဝင်လာနိုင်သည့်အတွက် စိုးရိမ်ကာ စောင့်ကြည့်နေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly