ငဝန်မြစ်အတွင်း ရေယာဉ်တိုက်မှု ဧပြီ ၁၃ရက်အပြီး စုံစမ်းစစ်ဆေးကာ တိုင်းအစိုးရထံတင်ပြရမည်

ငဝန်မြစ်အတွင်း ရေယာဉ်တိုက်မှု ဧပြီ ၁၃ရက်အပြီး စုံစမ်းစစ်ဆေးကာ တိုင်းအစိုးရထံတင်ပြရမည်

ပုသိမ်၊ ဧပြီ ၁၁ ။  ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ငဝန်မြစ်အတွင်း ရေယာဉ်တိုက်မှုကိစ္စအတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့က ဧပြီ ၁၃ရက်အပြီး စုံစမ်းစစ်ဆေးကာ တိုင်းအစိုးရထံတင်ပြရမည်ဖြစ်သည်။

"နေ့ညအဆက်မပြတ်သေချာစစ်နေပါတယ်။ နောက်ဆုံးသတ်မှတ်ရက် ၁၃ရက်နေ့အပြီးစစ်ဖို့ပြောထားပါတယ်။ စစ်ပြီးရင် တွေ့ရှိတဲ့အကျိုးအကြောင်းကိုပြောပါမယ်”ဟု တိုင်း လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ကျေးရွာများအတွင်း သွားလာနေသည့် စက်လှေများနှင့် ပတ်သက်၍ ပုသိမ်မြို့တွင် သီးခြား သတ်မှတ်ချက် စည်းကမ်းများရှိကြောင်း၊ အဆိုပါ စည်းမျဉ်းများအတိုင်း ကြပ်ကြပ်မတ်မတ်နဲ့ အရေးယူဆောက်ရွက်ရန် အစည်းအဝေး ပြုလုပ်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ 

"စက်လှေ ရမီတာအောက်ဆို မီးအဖြူထွန်းဖို့လိုတယ်။ ရမီတာအထက်ဆို ဘေးမီးတွေပါရမယ်" ဟု ဝန်ကြီး ဦးဝင်းဌေးက ရှင်းပြသည်။ 

ငဝန်မြစ်အတွင်း ငွေကြယ်ပွင့်စက်လှေနှင့် နဒီရွှေစင်ကျောက်တင်သင်္ဘော တိုက်မှုအား တိုင်းဒေသကြီးအစိုးရမှာ အဖွဲ့ဝင် ရှစ်ဦးဖြင့် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဧပြီလ၈ရက်တွင် တာဝန်ပေးစစ်ဆေးစေခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အား တိုင်းဆိပ်ကမ်းအရာရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အဖွဲ့ခေါင်းဆောင်ပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဦးစီးမှူး ရေကြောင်းပို့တောင်ရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ တပ်စုမှူး ရေကြောင်းရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း သိရှိရသည်။

အမှုဖွင့်ထားပြီးဖြစ်သော်လည်း ရေယာဉ်တိုက်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်အား အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

"ပြဿနာတခုဖြစ်လာမှ စုံစမ်းစစ်ဆေးတာတွေ အရေးယူတာတွေ ထပ်မဖြစ်ခင်မှာ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်းကို လိုက်နာလားဆိုတာ တာဝန်ရှိသူတွေလုပ်ရမှာ" ဟု ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းက ကိုစိုးလှိုင်ဦးက မှတ်ချက်ပြုထားသည်။

နဒီရွှေစင်ကျောက်တင််သင်္ဘောမောင်းနှင်ခဲ့သူ ဦးအောင်နှင့် ငွေကြယ်ပွင့် စက်လှေ မောင်းနှင်ခဲ့သူ ဦးသီဟအောင်တို့ကို ပုသိမ်နယ်မြေရဲစခန်းမှ (ပ)၆၆/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၈၊ ၃၃၇၊ ၂၈၀ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားပြီး ငွေကြယ်ပွင့်စက်လှေမောင်းနှင်ခဲ့သည့် လင်းထိုက်ဆိုသူမှာ ရေနစ်သေဆုံးပြီး အလောင်းပြန်လည်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဧပြီလ ရရက်နေ့ ည ပုသိမ်မြို့ မင်္ဂလာဆောင်အပြန် ငွေကြယ်ပွင့်စက်လှေတွင် ငပုတောမြို့နယ်၊ရခိုင်ကုန်းကျေးရွာမှ လူ၆၁ဦးလိုက်ပါပြီး ငဝန်မြစ်လယ်တွင် နဒီရွှေစင်ကျောက်တင်သင်္ဘောနဲ့တိုက်မိပြီး ငွေကြယ်ပွင့်စက်လှေပေါ်ပါ လူ၃၀ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly