စစ်သွေးကြွအဖွဲ့သို့ဝင်ရန်ကြိုးပမ်းမှုဖြင့် တရုတ်ဝီဂါတစ်ဦးကို အင်ဒိုနီးရှား ထောင်ချ

စစ်သွေးကြွအဖွဲ့သို့ဝင်ရန်ကြိုးပမ်းမှုဖြင့် တရုတ်ဝီဂါတစ်ဦးကို အင်ဒိုနီးရှား ထောင်ချ

ဂျာကာတာ၊ ဇူလိုင် ၃၀ ။        ။ အင်ဒိုနီးရှားတရားရုံးတစ်ခုသည် နိုင်ငံကအလိုရှိဆုံး စစ်သွေးကြွဦးဆောင်သော အစ္စလာမစ်အစွန်းရောက်အုပ်စုသို့ ဝင်ရောက်ရန် ကြိုးပမ်းစဉ် ဖမ်းမိသော တရုတ်ဝီဂါ လူမျိုးတစ်ဦးကို ဇူလိုင် ၂၉က ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်သည်။

အာမက်ဘိုဇော့ဂလန်သည် ၎င်းနှင့် တခြားလူနည်းစု မွတ်စလင် သုံးဦးနှင့်အတူ Eastern Indonesia Mujahideen ဟုခေါ်ဆိုသော အဖွဲ့၏ခေါင်းဆောင် စစ်သွေးကြွ ဆန်တိုဆိုနှင့် တွေ့ဆုံရန်ကြိုးပမ်းစဉ် ဆူလာဝေဆီကျွန်းပေါ်တွင် လွန်ခဲ့သည့်စက်တင်ဘာလက ဖမ်းဆီးခံရခြင်းဖြစ်သည်။ အခြားသုံးဦးလည်း ယခုလအစောပိုင်းက ထောင်ခြောက်နှစ်စီချမှတ်ခံရသည်။

စစ်သွေးကြွဒုစရိုက်နယ်တစ်ခုခေါ်ဆိုသော ဧရိယာတစ်ခုရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေသော ဆန်တိုဆိုအုပ်စုသည် အင်ဒိုနီးရှားတွင် ခြိမ်းခြောက်နေသော အစွန်းရောက်အဖွဲ့အနည်းငယ်တွင် ပါဝင်သည်ဟု ယူဆကြသည်။ ထို့အပြင် ၎င်းအဖွဲ့သည် ရဲတပ်ဖွဲ့ကို ကြောက်မက်ဖွယ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။ ဆန်တိုဆိုသည် အိုင်အက်စ်အုပ်စုအပေါ် သစ္စာခံထားသည်။

အသက် ၂၈နှစ်အရွယ်ရှိ ဘိုဇော့ဂလန်သည် အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့သို့ ဝင်ရန်ကြိုးပမ်းမှုအတွက် အပြစ်ရှိသည်ဟု ဦးဆောင်တရားသူကြီး ဟောက်မန်တိုဘင်က ပြောကြားခဲ့သည်။ ထို့အပြင် ဘိုဇော့ ဂလန်သည် တူရကီပတ်စ်ပို့အတုဖြင့် အင်ဒိုနီးရှားနိုင်ငံထဲသို့ ဝင်လာခြင်းဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေကိုလည်း ချိုးဖောက်ခဲ့သည်ဟုဆိုသည်။ တရားခံ၏အပြုအမူသည် စိုးရိမ်ထိတ်လန့် မှုဖြစ်စေ သည်ဟု လည်း တိုဘင်းက ဂျာကာတာရှိ တရားရုံးတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဘိုဇော့ဂလန်ကို ရူပီးယားသန်း ၁၀၀ (ဒေါ်လာ ၇,၄၀၀)ကိုလည်း ဒဏ်ရိုက်ခဲ့သည်။ ဒဏ်ငွေမဆောင်နိုင်ပါက နောက်ထပ် ထောင်ခြောက်လကျခံရမည်ဖြစ်သည်။

လူနည်းစု ဝီဂါလူမျိုးများမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှင်ကျန်ဒေသမှ လာရောက်ပြီး ယင်းဒေသတွင် ယဉ်ကျေးမှုနှင့် ဘာသာရေးဖိနှိပ်ခံနေရသည်ဟု စစ်သွေးကြွအုပ်စုက ပြောသည်။ မကြာသေး မီနှစ်များအတွင်း မတည်ငြိမ်သော ရှင်ကျန်ဒေသမှ လူအများအပြား ထွက်ပြေးခဲ့ကြသည်ဟု ယုံကြည်ရသည်။ ဝီဂါတို့က အရှေ့တောင်အာရှမှတဆင့် တူရကီတွင်ပြန်လည် အခြေချရန်မျှော်လင့်နေကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly