သင်္ကြန်မှာ လည်မည့်သူတွေ အသားရည် ဘယ်လိုထိန်းသိမ်းရမလဲ

သင်္ကြန်မှာ လည်မည့်သူတွေ အသားရည် ဘယ်လိုထိန်းသိမ်းရမလဲ

သင်္ကြန်ရောက်ပြီဆိုသည်နှင့် လူငယ်များသည် ရေပက်ခံထွက်မည့်သူ မဏ္ဍပ်ထိုင်မည့်သူများဖြင့် ကိုယ်စီကိုယ်စီအလုပ်ရှုပ်နေကြသည်။ ယခု နွေရာသီသည် အပူလွန်ကဲသောကြောင့် အသားအရေ၏ ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ Beauty Blogger တစ်ယောက်ဖြစ်သည့် မဝင်းမင်းသန်းမှ သင်္ကြန်တွင် လည်မည့်သူများအတွက် ယခုလိုအကြံပြုထားသည်။

“သင်္ကြန်မှာကစားမယ့်သူတွေရှိရင် ကိုယ့်ရဲ့အိတ်ကလေးထဲမှာ Sun Cream လေးတွေကိုထည့်ထားပါ။ ထည့်ထားပြီးရင် တစ်နာရီခြားတစ်ခါ နှစ်နာရီခြားတစ်ခါလောက် ပြန်ပြန်လိမ်းပေးပါ။ အထူးသဖြင့် ရေစိုတယ်။ ရေစိုလို့ရှိရင် ရေစိုပြီးတော့ အာနိသင်တွေက ပျယ်သွားမယ်လေ။ အဲဒီတော့ အဲဒီလိုမျိုးတွေမဖြစ်ရအောင် သင်္ကြန်လေးသုံးလေးရက်နဲ့ ကိုယ့်ရဲ့အသားအရေတွေ ပျက်စီးသွားတာတွေ မဖြစ်ရအောင် ဒီ Sun Cream လေးကို မှန်မှန်လိမ်းပါ။”

အကယ်၍ သင်္ကြန်ရက်များတွင် နေလောင်ခြင်းများ ဖြစ်ပေါ်ခဲ့လျှင် ယခုလိုပြုလုပ်ဖို့ ဆက်လက်အကြံပြုထားသည်။

“ဆော့ကစားတာများပြီးတော့ နေလောင်သွားမယ်ဆိုရင်တော့ မနက်မှာ နေလောင်တယ်၊ ညရောက်လို့ အိမ်မှာအိပ်တဲ့အခါကျရင် ရှားစောင်းလက်ပက် Gel လေးတွေလိမ်းပေးပါ။ အဲဒါက နေလောင်ထားတဲ့အသားအရေအတွက် အရမ်းကောင်းတယ်။ ဒါမှမဟုတ် အရမ်းအသားအရေနီပြီးတော့ နေလောင်သွားတယ်ဆိုရင် ဒိန်ချဉ်ကိုယူပြီးကပ်ပေးလို့ရတယ်။

ဒိန်ချဉ်လေးကိုဖျော် အသားမှာ ပါးပါးလေးလိမ်း၊ ဒါမှမဟုတ် နို့လည်းလိမ်းလို့ရတယ်။ ဒါကအိမ်မှာနေရင်း လုပ်လို့ရတဲ့ အရာလေးတွေပေါ့နော်။ ခရင်မ်တွေတော့အများကြီးရှိပါတယ်။ ဒါပေမယ့် ဒိန်ချဉ်နဲ့ ရှားစောင်းလက်ပက်ကတော့  တကယ့်ကိုအထိရောက်ဆုံးပဲ။ အောက်ကရှားစောင်းလက်ပက်လေး လိမ်းထားပြီးတော့ အဝတ်လေးကိုရေညှစ်ပြီး တင်ထားလို့ရပါတယ်။

အထူးသဖြင့်တော့ နေလောင်ဒဏ်ကာကွယ်တဲ့ဟာကိုသုံးပါ။ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သုံးပြီးတဲ့အခါ နေလောင်ခဲ့လို့ရှိရင်လည်း အိမ်မှာ သနပ်ခါးလိမ်းတာတော့   ရှောင်စေချင်တယ်။ နေလောင်ဒဏ်ခံရတဲ့အသား အကွက်လိုက် နီနေတာတွေဘာတွေဆိုလို့ရှိရင် အသားက စပ်ဖျင်းဖျင်းဖြစ်နေမှာလေ။ အဲဒါကို သနပ်ခါး သွားလိမ်းရင် သနပ်ခါးကခြောက်တယ်။

သနပ်ခါးက အသားအရေကို ပိုပြီးတော့ ရေဓါတ်ခမ်းအောင်လုပ်တဲ့အတွက် နေလောင်တဲ့ဒဏ်ကို ပိုခံရမှာစိုးလို့။ အဲဒီတော့ ဒိန်ချဉ်လေးတွေကို ဖျော်လိမ်းတာပဲဖြစ်ဖြစ် ပြီးရင် ရှားစောင်းလက်ပက်လေးကို လိမ်းတာဖြစ်ဖြစ် ပြီးရင် နေပူထဲထွက်တာကို ခဏလျှော့။ လျှော့ပြီးတော့ အိမ်ထဲမှာခဏနေ။ နေပြီးတော့ ထီးလေးဘာလေးစောင်း။ အဲဒါမျိုးလေးကို နှစ်ပတ်လောက်တော့လုပ်ယူရမယ်ထင်တယ်။ အသားတကယ်လို့ နေလောင်ခဲ့ရင်ပေါ့နော်။” ဟု အကြံပေးထားသည်။

သင်္ကြန်အချိန်အခါတွင် အန္တရာယ်ကင်းစွာလည်ပတ်ရင်း မြန်မာနှစ်သစ်ကူးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း မဇ္ဈိမ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly