ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် ဝန်ကြီးဌာနအတွင်း ဆွေးနွေးနေ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် ဝန်ကြီးဌာနအတွင်း ဆွေးနွေးနေ

ရန်ကုန်၊ ဧပြီ ၁၁ ။         ။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အား ပြင်ဆင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနအတွင်း ဆွေးနွေးနေသည်ဟု ဆက်သွယ်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ဧပြီ ၁၀ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလ ပြုပြင်ဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါ ဥပဒေပါ ပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်ပြီး မည်သို့ပြုပြင်ဆောင်ရွက်လျှင် အကောင်းဆုံးဖြစ်မည်ကို ၀န်ကြီးဌာနအတွင်း ဆွေးနွေးနေပြီး သက်ဆိုင်ရာ ဥပဒေဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးနေသည်ဟု ဦးစိုးသိန်းက သတင်းစာရှင်းလင်းပွဲတွင် ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေပုဒ်မနှင့် ထောင်ဒဏ်ကျခံခဲ့ရဖူးသူဖြစ်ပြီး ယင်းဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသူဖြစ်သည့် ကဗျာဆရာ မောင်ဆောင်းခက အဆိုပါဥပဒေ ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး "လွှတ်တော်ဘက်က တိကျတဲ့ အကြောင်းပြန်ကြားချက်မရဘူး၊ ဒါကို ပြင်သင့်တယ်ဆိုတဲ့ သဘောလောက်ပြောပြီးတော့ ဘယ်အချိန်ပြင်မလဲ၊ ဘယ်တော့ပြင်မလဲဆိုတာမျိုးလည်း မရှိဘူး" ဟု ဆိုသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အား ရေးဆွဲစဉ်က ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရန်နှင့် လုပ်ငန်းဆောင်ရွက်နေသူများ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ပြီး ရေးဆွဲထားသည့် ဥပဒေဖြစ်ကြောင်းနှင့် လက်ရှိတွင် ဖြစ်ပွားနေသည့် ပြဿနာများသည် အမုန်းစကားများအပေါ် မူတည်ပြီး ဖြစ်ပွားနေရခြင်းသာ ဖြစ်သည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အသရေဖျက်စေသည့် အရေးအသားမျိုး လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လ အမိန့်ချခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက "ဆက်သွယ်ရေး ဥပဒေပုဒ်မကတော့ ရှိတော့ ရှိရမယ်၊ ပုံစံတော့ပြောင်းရမယ်၊ ၆၆(ဃ) ပုဒ်မကို အလွဲသုံးစားမလုပ်ဖို့ကတော့ ပြောင်းရမယ်" ဟု  ပြောဆိုထားသည်။

ယခင်အစိုးရလက်ထက်တွင် ၆၆(ဃ)ဖြင့် တရားစွဲခံရမှု (၇)မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရမှု (၅)မှုရှိခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင် တရားရုံးတင် တရားစွဲဆိုခံရသည့် အမှုပေါင်း(၅၄)မှု ရှိပြီး   ပြစ်ဒဏ်ချမှတ်ပြီးအမှု(၈)မှု၊ လတ်တလော အာမခံမရရှိဘဲ အချုပ်ကျနေသောအမှု(၄)မှု ရှိနေသည်။

၂ဝ၁၇ခုနှစ်၊ ဧပြီလ(၇)ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း(၆၁)မှု ရှိနေပြီဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ဧပြီလ ရ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly