တရုတ်-မြန်မာ အကြား ရေနံပိုက်လိုင်း သဘောတူညီချက် လက်မှတ်ရေးထိုး

တရုတ်-မြန်မာ အကြား ရေနံပိုက်လိုင်း သဘောတူညီချက် လက်မှတ်ရေးထိုး

တရုတ်နဲ့ မြန်မာတို့အကြား နှစ်နိုင်ငံအကြား ရေနံပိုက်လိုင်း သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမြို့မှာ ဧပြီ ၁၀ ရက်က တွေ့ဆုံခဲ့ရာမှာတော့ ယခု ရေနံပိုက်လိုင်းစီမံကိန်း အပါအဝင် အခြားသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံအကြား သဘောတူညီမှုရခဲ့တဲ့ ယခု ရေနံပိုက်လိုင်းဟာ တရုတ်တို့ရဲ့ " ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု”အစီအစဉ်နဲ့လည်း ကိုက်ညီနေလျက်ရှိပြီး ဗဟိုအာရှနဲ့ ဥရောပဒေသတို့နဲ့အကြားပါ ချိတ်ဆက်ဆက်သွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး လျုကျန်မင်းက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်လို့လည်း နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမယ့်ဘက်ကနေသာ သွားရေး ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောသွားပါတယ်။

ယခု ရေနံပိုက်လိုင်းဟာတော့ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ တောင်ပိုင်း ကူမင်းမြို့အထိ ဆက်သွယ်ဖောက်လုပ်ထားခြင်း ဖြစ်ပြီး ပိုက်လိုင်းရဲ့တစ်ချို့နေရာတွေဟာလည်း ပြီးစီးထားပြီး ဖြစ်တာကြောင့် ယခုအခါ ယင်းကို အမြန်ဆုံး အပြီးသတ်ပြီး ရေနံစတင် တင်ပို့ရေးတို့အပေါ် နှစ်နိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က ပြောသွားပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားခဲ့တဲ့ အဆိုပါ ကီလိုမီတာ ရ၇၀ အရှည်ရှိ  ယင်းရေနံပိုက်လိုင်းကိုတော့ နှစ်နိုင်ငံအကြား အခြေအနေတွေကြောင့် နှစ်နှစ်လောက် ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။

ယခုလို သဘောတူညီချက် ရခဲ့ပြီးနောက်မှာတော့ ယင်း ပိုက်လိုင်းကနေ ရေနံပေးပို့မှုပိုင်းကို အမြန်ဆုံး လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ Liu က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags