လာမည့် ရနှစ်အတွင်း ရန်ကုန်တွင် လေဆိပ်သစ်တစ်ခု မဖြစ်မနေ လိုအပ်မည်ဟုဆို

လာမည့် ရနှစ်အတွင်း ရန်ကုန်တွင် လေဆိပ်သစ်တစ်ခု မဖြစ်မနေ လိုအပ်မည်ဟုဆို
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရန်ကုန်တွင် လာမည့် ရနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု မဖြစ်မနေလိုအပ်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

“တိုးတက်လာတဲ့ ခရီးသည်အရေအတွက် လေယာဉ်အရေအတွက်နဲ့ နှိုုင်းယှဉ်ရင် လာမယ့် ရနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တစ်ခု လိုအပ်မှာ ဖြစ်ပါတယ်” ဟု ဦးဝင်းခန့်က ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဧပြီ ၁၀ရက်က အစိုးရသက်တမ်းတစ်နှစ်အတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တိုးချဲ့ရန် လေ့လာမှုများပြုလုပ်ခဲ့သော်လည်း တိုးချဲ့ရန် အဆင်မပြေနိုင်သည့်အတွက် လေဆိပ်သစ်ဆောက်လုပ်ရန် လျာထားသည့် နေရာ(၉)ခုအနက် ပဲခူးရှိ ဟံသာဝတီလေဆိပ်စီမံကိန်းသည် အဆင်အပြေဆုံးဖြစ်သည့်အတွက် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဟု ဦးဝင်းခန့်က ဆိုသည်။

သို့သော် အဆိုပါ စီမံကိန်းအကော်အထည်ဖော်ရန်အတွက် ဖွံ့ဖြိုးမှုအထောက်အကူပြု ချေးငွေ ရရှိရန် လိုအပ်လျက် ရှိသည်။

“ဂျပန်နိုင်ငံက ပေးမယ်လို့တော့ ခေါင်းညိတ်ထားပါတယ်။ သူ့ဆီက ချေးငွေရရင် ဒီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂ဘီလီယံလောက် ကျင်သင့်မယ့် စီမံကိန်း ဖြစ်ပါတယ်” ဟု ဦးဝင်းခန့်က ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၅ခုနှစ်က ခရီးသည် ၄ဒဿမ ၆သန်း ဝင်/ထွက်ခဲ့သော်လည်း ၂၀၁၆ခုနှစ်တွင် ခရီးသည်ဦးရေ ၅ဒဿမ ၄သန်းထိ တိုးတက်လာသည်ဟု ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ခရီးသည် ၅သိန်း၊ ၂သောင်းကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဇန်နဝါရီ လကုန်အထိ ခရီးသည် ၈သိန်း ၅သောင်းကျော် ပို့ဆောင်ထားပြီး နှစ်ကုန်တွင် ယခင်နှစ်ထက် ခရီးသည်ပို့ဆောင်မှု ၂ဆတိုးတက်မည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly