တရားမဝင် တင်သွင်းလာသည့် နွားအကောင်ရေ ရဝ ကျော် ရေပူတွင်ဖမ်းမိ

တရားမဝင် တင်သွင်းလာသည့် နွားအကောင်ရေ ရဝ ကျော် ရေပူတွင်ဖမ်းမိ
ဓာတ်ပုံ - ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း

ရန်ကုန်၊ ဧပြီလ ၁ဝ ။           ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ အရှေ့ဘက် သုံးမိုင်အကွာ တောစပ်၌ တရားမဝင်တင်သွင်းလာသည့် နွားအကောင်ရေ ရ၄ ကောင်ကို ဧပြီလ ၁ဝရက် နံနက် ၁၁နာရီက ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

လားရှိုးမြို့နယ်နှင့် တန့်ယန်ကြားရှိ နမ့်ပေါင်ရွာမှ ဧပြီလ ရ ရက်မှ စတင်ကာ အဆိုပါတရားမဝင်နွားများဖြင့် ထွက်ခွာလာသည်ဟု သတင်းပေးချက်အရ ဧပြီလ ၁ဝရက် ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်း အရှေ့ဘက်ရှိ သုံးမိုင်အကွာ တောစပ်မှ အကောက်ခွန်မှ ဝန်ထမ်း ၆  ဦး နှင့် ပိန်းဆာ ပြည်သူ့စစ် ၆ ဦးဖြင့် သွားရောက်ဖမ်းဆီးရာ နွားများတင်သွင်းလာသူများမှာ ထွက်ပြေးသွားပြီး နွားအကောင်ရေ ရ၄ ကောင်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူတို့မှာ အနည်းဆုံး ဓားလောက်တော့ ပါတာပေါ့။ ကိုယ်တို့ဆီမှာလည်း ပိန်းဆာပြည်သူစစ်တွေပါတယ်။ သို့သော် အဓိကတော့ဗျာ နွားတွေနဲ့လာတဲ့ကောင်တွေက တကယ်ပင်မ ပိုင်ရှင်တွေလည်း မဖြစ်နိုင်ဘူး။ သယ်လာတဲ့ဟတွေကလဲ ဖြစ်သလိုတွေဆိုတော့ လူတွေလည်းမထိခိုက်စေချင်လို့ ပြေးရင်လည်းပြေးတော့ ဆိုပြီးလွတ်ပေးလိုက်တယ်”ဟု ဦးတက်ထွန်းအောင်ကပြောသည်။

လက်ရှိတွင် အဆိုပါနွားများဖမ်းဆီးရမိထားသည့်ကိစ္စနှင့် ပတ်သက်၍ သိန္နှီရဲစခန်းတွင် အမှုဖွင့်ရန် ပြည်သူပိုင်အဖြစ် သိမ်းရန် လုပ်ဆောင်နေပြီး ဧပြီလ ၁၁ ရက်တွင် သိန္နှီစည်ပင်သို့ လွဲအပ်ကာ   လေလံပစ်သည့် အပိုင်းကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင် ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ အထိ ဖြတ်သန်းသွားလာနေပြီး တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေးလုပ်ငန်း အနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ ဧပြီလ ၁ဝ ရက်ထိ တရားမဝင် ကုန်တင်ကားများ၊ ကျောက် စိမ်းရိုင်းများ၊ သစ်များစသဖြင့် ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများမှာ ခန့်မှန်းငွေတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်း (၃ဝ,ဝဝဝ) ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly