မြန်မာနဲ့ တရုတ်ထံမှ လျှပ်စစ် ၁,၀၀၀ မီဂါ၀ပ် ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

မြန်မာနဲ့ တရုတ်ထံမှ လျှပ်စစ် ၁,၀၀၀ မီဂါ၀ပ် ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

ဘင်္ဂလားဒေ့ရှ်အစိုးရက တရုတ်ရဲ့ Lembro ရေအားလျှပ်စစ် စီမံကိန်းကနေ ထွက်ရှိတဲ့ လျှပ်စစ်မီဂါ၀ပ် ၄၀၀ နဲ့ ၅၀၀ ကြားခန့်ကို ၀ယ်ယူတင်သွင်းဖို့ စဉ်းစားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ အနာဂတ်မှာ ပြည်တွင်းမှာ တိုးမြင့်လိုအပ်လာတော့မယ့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်အောင်လို့ မြန်မာနဲ့ တရုတ်တို့ ဆီကနေ   ရေအားလျှပ်စစ် ၁,၀၀၀ မီဂါ၀ပ် ဝယ်ယူတင်သွင်းရေး လုပ်ငန်းစဉ်ကို အစိုးရဘက်က ရှေ့ဆက်လုပ်ဆောင်နေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်လျှပ်စစ်လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်တို့ဟာ အိန္ဒိယဆီကနေ လျှပ်စစ် ၆၆၀ မီဂါ၀ပ် တင်သွင်းဝယ်ယူပြီး ဖြစ်ပါတယ်။

“အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီ ၁၁ ရက် တုန်းက မြန်မာတာဝန်ရှိသူတွေ အနေနဲ့တွေ့ပြီး လျှပ်စစ်ကဏ္ဍပိုင်းမှာ ပူးပေါင်းဆောင်ရွက်သွားရေး MoU စာချုပ်တစ်ရပ် ချုပ်ဖို့စီစဉ်ခဲ့ပါတယ်၊ ခုအဲကိစ္စကို ဆက်လက်ပြီးမြောက်အောင်လည်း လုပ်ဆောင်နေပါပြီ” ဆိုပြီး ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အားဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ယခုလို တရုတ်နဲ့ မြန်မာနိုင်ငံတို့က ရေအားလျှပ်စစ် စက်ရုံတွေကနေ တင်သွင်းဝယ်ယူရရှိမယ့် လျှပ်စစ်ဓာတ်အားတွေက တစ်ခြားအရင်းအမြစ်တွေထက်စာရင် စရိတ်စက ပိုမိုသက်သာနိုင်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားသွားပါသေးတယ်။

အလားတူ မြန်မာကုမ္ပဏီတစ်ခုဟာလည်း ရခိုင်ပြည်နယ်မှာ မီဂါ၀ပ် ၅၀၀ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံ ထူထောင်ပြီး ဘင်္ဂလားဒေ့ရှ်ဆီကို လျှပ်စစ်ဓာတ်အား တင်ပို့ဖို့အရေး စိတ်ဝင်စားကြောင်း ထုတ်ဖော်ထားတယ်လို့ ၎င်းက ဆိုသွားပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags