"ဝန်ဆောင်မှုအပေါ်ကြည့်၍ ယာဉ်စီးခပေးပါ"

"ဝန်ဆောင်မှုအပေါ်ကြည့်၍ ယာဉ်စီးခပေးပါ"
 

YBS ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးနှင့် အင်တာဗျူး

မေး။ ။ ကိုတရုတ်လေးတို့ YBS ၂၁ ယာဉ်လိုင်းကနေ ခရီးသည်တွေက ဝန်ဆောင်မှုကို ကြည့်ပြီး ယာဉ်စီးခပေး ဆောင်တဲ့ သီးသန့်ဘတ်စ်ကားတွေ ပြေးဆွဲပေးနေတယ်လို့ သိရတယ်ခင်ဗျ။ ဒီလိုပြေးဆွဲနေတဲ့ အကြောင်း ရှင်းပြပေးပါဦးခင်ဗျ။

ဖြေ။ ။ ဒီလိုပါ။ ကျွန်တော်တို့က YBS ယာဉ်လိုင်းတွေကို အဆင့်မြှင့်မယ်ဆိုတော့ ကျွန်တော်တို့ ယာဉ်လိုင်း ကနေ ဝန်ဆောင်မှုပိုင်းကိုမြှင့်တာပါ။ ဝန်ဆောင်မှုပိုင်းကို မြှင့်တော့ ဒီမှာ YBS ၂၁ သီးသန့်ယာဉ်ဆိုပြီးတော့ ကားတွေ လွှတ်တယ်။ လွှတ်တယ်ဆိုတာထက် ကျွန်တော်တို့ ခရီးသွားပြည်သူကို စပြီးမိတ်ဆက်ပေးတာပါ။

ကျွန်တော်တို့ ဧပြီလ ၄ ရက်နေ့ကစပြီးတော့ သီးသန့်ယာဉ်တွေကို မိတ်ဆက်ပြေးဆွဲတယ်။ စတုန်းကတော့ ယာဉ်စီးရေ နှစ်စီးလောက်နဲ့ စပြီးမိတ်ဆက်တာပေါ့။ ခရီးသွားပြည်သူတွေရဲ့ အသံကိုလည်း ကျွန်တော်တို့ နားထောင်နေတယ်။ မိဘပြည်သူတွေ လက်ခံလား၊ လက်မခံဘူးလား။ လက်ခံတယ်ဆိုရင်တော့ သီးသန့် ယာဉ် ၃ဝ ကျော်လောက်ပြေးဆွဲပေးသွားမှာပါ။

မေး။ ။ ဒီသီးသန့်ဘတ်စ်ကားတွေမှာ ယာဉ်စီးခတွေကို ဘယ်လောက်ပေးရမယ်လို့ မသတ်မှတ်ဘဲ ဝန်ဆောင်မှုအပေါ်ကြည့်ပြီး ခရီးသည်တွေက ကိုယ့်စိတ်ကူးနဲ့ ထည့်ပေးရတာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့က ဝန်ဆောင်မှုအပိုင်းတွေကို တိုးလိုက်တယ်။ တိုးလိုက်ပြီးတော့ ဝန်ဆောင် မှုနှင့် ညီမျှသော ယာဉ်စီးခကို ပေးချေပါဆိုပြီးတော့ ကားတွေမှာ စာကိုကပ်လွှတ်လိုက်တယ်။ ယာဉ်စီးခဘယ် လောက်ကျတယ် ဆိုတာကို ကျွန်တော်တို့ မသတ်မှတ်ဘူး။ တကယ်တော့ ယာဉ်လိုင်းတွေကို ယာဉ်စီးခသတ် မှတ်ရမှာက ခရီးသွားပြည်သူတွေသတ်မှတ်ရမှာ။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က ယာဉ်စီးခမသတ်မှတ် ပေးလိုက်ဘူး။ ဝန်ဆောင်မှုနဲ့ ညီမျှတဲ့ ယာဉ်စီးခကို သူတို့ထည့်သွားပေးတယ်။ ဆိုတော့ ယာဉ်လိုင်းတွေ ရေရှည် ရပ်တည်နိုင် ရေး၊ မရပ်တည်နိုင်ရေးဆိုတာကို ခရီးသွားပြည်သူတွေရဲ့ လက်ထဲကို ထည့်လိုက်တာပါ။

မေး။ ။ ဒီသီးသန့်ဘတ်စ်ကားတွေမှာ ဘယ်လိုမျိုးဝန်ဆောင်မှုတွေ ထူးထူးခြားခြားမြှင့်တင်ပေးထားလဲခင်ဗျ။

ဖြေ။ ။ ဝန်ဆောင်မှုအပိုင်းမှာက ခရီးသည်အပိုမတင်ဘူးပေါ့။ သီးသန့်ယာဉ်တွေက ၄၅ ယောက်စီး၊ ၅၅ ယောက် စီးကားတွေဖြစ်တယ်။ ခရီးသည်အပိုတင်လို့မရအောင်လည်း ကျွန်တော်တို့က ထိုင်ခုံတွေကို ကားတွေအပြည့် တပ်ဆင်ထားတယ်။ ရည်ရွယ်ချက်ကတော့ အတိတ်ကာလမှာ လူတွေအပိုမတင်ဘူးဆိုပြီးတော့ အထူးကား တွေ ထွက်လာတယ်။ ပြီးတော့ ခရီးသည်အပိုတွေ တင်ကြတယ်။ စီးတဲ့သူတွေကလည်း စီးတယ်။ တင်တဲ့သူက လည်း တင်တယ်။ အဲ့ဒီတော့ လက်ရှိအချိန်မှာ မတ်တတ်ရပ်စီးလို့မရအောင် ခုံတွေ အပြည့်တပ်ပစ်လိုက်တာ။ ထိုင်ခုံတွေကိုလည်း အဝေးပြေးကားတွေမှာ သုံးတဲ့ ခုံမျိုးတွေပေါ့။ သက်သောင့်သက်သာနဲ့ စမတ်ကျကျစီးနိုင် အောင် စီစဉ်ထားတယ်။ ရည်ရွယ်ချက်ကတော့ တကယ့်ကို ကောင်းတဲ့ဖက်ကို အမြန်ရောက် သွားစေချင်တယ်။ နောက်တစ်ခုက ကားပေါ်ကိုတက်လိုက်တာနဲ့ ခရီးသည်တွေ စိတ်ချမ်းသာသွားစေရမယ်။ ကားပေါ်မှာ ပန်းချီ ကားချပ်တွေ၊ ကလေးလေးအတွက် ရည်ရွယ်ပြီးတော့ အရုပ်လေးတွေချိတ်ထားတာပေါ့။ ကားရဲ့အတွင်းပိုင်းကို ကာလာဒီဇိုင်းကိုလည်း စနစ်တကျလုပ်ထားတယ်။ အဓိကတော့ ဒီကားပေါ်ကို ရောက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ ရုံး ခန်းထဲရောက်နေသလိုမျိုး၊ ကိုယ့်ရဲ့အိမ်ကိုရောက်နေသလိုမျိုး သက်သောင့်သက်သာဖြစ်အောင် ရည်ရွယ်ပြီး လုပ်ထားပါတယ်။ နောက်တစ်ခုက ခရီးသည်တွေ လုံခြံုရေးအတွက်ပေါ့။ လုံခြံုရေး CCTV ကင်မရာတွေ အပြည့်တပ်ဆင်ထားပါတယ်။ ဝန်ဆောင်မှုပိုင်းကို အဓိကဦးစားပေးမြှင့်ပေးထားတဲ့ကားတွေပေါ့။

မေး။ ။ YBS ၂၁ ယာဉ်လိုင်းအနေနဲ့ ဒီလိုသီးသန့်ယာဉ်တွေကို ထူးခြားတဲ့ ဝန်ဆောင်မှုနဲ့ ယာဉ်စီးခပေးချေတဲ့ စနစ်ကို ဘာကြောင့်လုပ်ဆောင်ဖြစ်သွားတာလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ။ ။ဒီလိုဗျ။ ကျွန်တော်တို့ဆီမှာက ဝန်ဆောင်မှုကောင်းတဲ့ ယာဉ်လိုင်းတွေပေါ်မလာဘူး။ ပေါ်မလာတဲ့ အခါ ကျတော့ အစိုးရအနေနဲ့ကလည်း ဝန်ဆောင်မှုမကောင်းလို့ဆိုပြီးတော့ ယာဉ်စီးခကို တိုးမပေးဘူး။ လုပ်ငန်းရှင် တွေ ကလည်း ပိုက်ဆံမရလို့ဆိုပြီး ဝန်ဆောင်မှုကို မတိုးဘူး။ ဆိုတော့ အဲ့ဒီအကြောင်းအရာကြောင့် တော်တော် ကြာနေတယ်ဗျ။ တကယ်တမ်းအခက်အခဲဖြစ်တာက ခရီးသွားပြည်သူတွေက ကြားထဲက တော်တော်ကို အခက်အခဲဖြစ်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့က ဝန်ဆောင်မှုကောင်းတဲ့ ယာဉ်လိုင်းတွေကို ချပြလိုက်တယ်။ ဆိုလိုတာက YRTA တာဝန်ရှိတဲ့လူကြီးတွေက ခရီးသွားပြည်သူတွေကို ဝန်ဆောင်မှုပေးမယ့်ယာဉ်လိုင်းတွေကို အမြဲတမ်းတံခါးဖွင့်ပေးထားတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ခရီးသွားပြည်သူတွေကို ပြန်ပြီး တံခါး ဖွင့်ပေးလိုက်တာပါ။ လက်ရှိအချိန်မှာတော့ ခရီးသွားပြည်သူတွေ ရာခိုင်နှုန်းများများကတော့ ထောက်ခံနေတာ တွေ့ရတယ်။ သူတို့ သဘောကျကြတယ်။ အဲ့ဒီလိုသဘောကျလို့ သင်္ကြန်ပြီးရင်တော့ ကျွန်တော်တို့ ကားတွေ ထပ်တိုးပေးမှာပါ။ ကားတွေကတော့ ဝယ်ထားပြီးသားဗျ။

ဒီလိုကားတွေကို အားပြုပြီးစီးမယ်ဆိုရင် ယာဉ်ကြောကျပ်တည်းမှုတွေ ဖြေလျော့တာကို အထိုက်အလျောက် အကူအညီပေးနိုင်မယ်လို့ထင်တယ်။ ကျွန်တော်တို့ YBS ယာဉ်လိုင်းတွေ အဆင့်မြှင့်တင်ဖို့ ကိစ္စပေါ့နော်။ ယာဉ် လုံလောက်မှုနဲ့ ဝန်ဆောင်မှုကောင်းတဲ့ ယာဉ်လိုင်းတွေကိုလည်း ခရီးသွားပြည်သူတွေ တော်တော် မျှော်လင့် နေတဲ့ အနေအထားမှာရှိတဲ့အတွက် သူတို့အတွက်လည်း ဖြည့်ဆည်းပေးရာ ရောက်မယ်လို့ လုပ်ဆောင်ဖြစ် သွားတာပါ။

မေး။ ။ အခုပြေးဆွဲနေတဲ့ သီးသန့်ဘတ်စ်ကားက စမ်းသပ်ပြေးဆွဲနေတာကို ပြည်သူအများစု လက်ခံတယ်ဆို တော့ ဘယ်လိုပုံစံနဲ့ သိရတာလဲခင်ဗျ။

ဖြေ။ ။ ဒီစနစ်ကို ခရီးသွားပြည်သူအများစုက လက်ခံပါတယ်။ ဘယ်လိုပုံစံလဲဆိုတော့ တချို့လည်း ကျွန်တော် တို့ကိုပေါ့ အွန်လိုင်းကနေ အားပေးစကားတွေ ပြောထားကြတာတွေရှိတယ်။ ယာဉ်စီးခနဲ့ ပတ်သက်ပြီး အကြံပြု စာတွေပို့ကြတာ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ခရီးသွားပြည်သူတွေက ဒီစနစ်၊ ဒီဝန်ဆောင်မှုတွေ ကိုလက်ခံ လို့ ဒါကိုတောင်းဆိုလာတယ်ဆိုရင် မြန်မြန်ဆန်ဆန်ပဲ လုပ်ငန်းခွင်ထဲထည့်ပေးမယ်။ ဘယ်အချိန်လောက်ဖြစ် မလဲဆိုတာကတော့ ခရီးသွား ပြည်သူအပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျ။

မေး။ ။ အခုလုပ်ဆောင်နေတဲ့စနစ်က အကုန်အကျလည်းများတဲ့အတွက် အောင်မြင်မယ်လို့ထင်ပါသလားခင်ဗျ။

ဖြေ။ ။ အဓိကကတော့ ဝန်ဆောင်မှုနဲ့ ညီမျှတဲ့ ယာဉ်စီးခကို ပေးချေဖို့ မေတ္တာရပ်ခံထားတာပေါ့နော်။ ဒီယာဉ်စီးခ ကို ကျွန်တော်တို့က သတ်မှတ်မှာမဟုတ်ဘူး။ ခရီးသွားပြည်သူတွေကပဲ သတ်မှတ်ဖို့ကို ကျွန်တော်တို့က ရည်ညွှန်းထားတာ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီယာဉ်လိုင်းစနစ်၊ အဲ့ဒီအကျိုးစီးပွားတွေကိုပဲ နောက်တစ်ချိန်မှာ ကျွန်တော်တို့က အများပိုင်၊ ပြည်သူပိုင်ကုမ္ပဏီတွေလုပ်မှာဆိုတော့ ဒီလုပ်ငန်းအကျိုးစီးပွားတွေကို ခရီးသွား ပြည်သူတွေရဲ့ လက်ထဲကိုထည့်ဖို့ ရည်ရွယ်ထားတယ်။ ဒီဝန်ဆောင်မှုကောင်းတဲ့ ယာဉ်လိုင်းတွေ အောင်မြင်ပြီး စနစ်တကျဖြစ်ဖို့ဆိုတာက ကျွန်တော်တို့ လုပ်ငန်းရှင်တွေရယ်၊ ကျွန်တော်တို့ရဲ့ ယာဉ်လုပ်သား၊ ကျွန်တော်တို့ရဲ့ ခရီးသွားပြည်သူတွေ ပူးပေါင်းမှသာလျှင် ဒီယာဉ်လိုင်းတွေက အောင်မြင်မယ်လို့ ကျွန်တော်တို့က ခံယူထား တယ်။ အဲ့ဒီအတွက် ယာဉ်စီးခကိုလည်း ခရီးသွားပြည်သူတွေကပဲ သတ်မှတ်ရလိမ့်မယ်။

မှတ်ချက်။ ။ ( အဆိုပါ YBS ၂၁ ယာဉ်လိုင်းမှာ Power Eleven ကုမ္ပဏီနှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ ယာဉ်အစီးရေ ၁၇ဝ ကျော်ဖြင့်  အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)မှ မော်တင် - မဟာဗန္ဓုလမ်းထိ ပြေးဆွဲ ပေးနေခြင်းဖြစ်သည်။)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly