သြစတြေးလျက ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးရဲ့ သုံးပုံ ပုံ နှစ်ပုံခန့် ပျက်စီးဆုံးရှုံးထား

သြစတြေးလျက ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးရဲ့ သုံးပုံ ပုံ နှစ်ပုံခန့် ပျက်စီးဆုံးရှုံးထား

ဧပြီ ၁၀ ။               ။ သြစတြေးလျနိုင်ငံက ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးရဲ့ အရှည် ကီလိုမီတာ ၁,၅၀၀ ခန့် ဒါမှမဟုတ် သုံးပုံ ပုံ နှစ်ပုံလောက်ဟာ ယခုအခါ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေနဲ့   တွေ့ကြံုထားရပြီ ဖြစ်တယ်လို့ သန္တာကျောက်တန်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ယခုဆိုရင် ပျက်စီးထားပြီး ဖြစ်တဲ့ သန္တာကျောက်တန်းအတိုင်းအတာစုစုပေါင်းမှာ ကီလိုမီတာ ၁,၅၀၀ ခန့်ထိ ရှိလာပြီ ဖြစ်ကြောင်း James Cook တက္ကသိုလ်မှ သန္တာကျောက်တန်းလေ့လာမှုဘာသာရပ် စင်တာ မှ ဒါရိုက်တာ ပါမောက္ခ Terry Hughes က ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ပင်လယ်ရေအောက် အပူချိန် မြင့်တက်ခဲ့မှု၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် အကျိုးဆက်တွေကြောင့် ယခုလို သန္တာကျောက်တန်းတွေ အကြီးအကျယ်ပျက်စီး ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Great Barrier သန္တာကျောက်တန်းကြီးဟာဆိုရင် သြစတြေးလျရဲ့ ကွင်းစ်လန်း ပြည်နယ် ကမ်းရိုးတန်း ပြင်ပမှာ ဖွဲ့စည်းတည်ရှိနေတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ယင်းသန္တာကျောက်တန်းကြီးမှာတော့ ကျောက်တန်းဖွဲ့စည်းမှုပေါင်း ၃,၀၀၀ လောက်ထိ ရှိနေတယ်လို့သိရပါတယ်။

ယခုအခါ ယင်းသန္တာကျောက်တန်းကြီးဟာဆိုရင် ယင်းရဲ့ ဖြစ်တည်မှုအပေါ် ထိခိုက်နိုင်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့်တော့ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်တွေရဲ့ သက်ရောက်မှုနဲ့ အဓိကရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ ယင်းသန္တာကျောက်တန်းကြီးဟာဆိုရင် ယခုအခါ ပင်လယ်ရေအောက်အပူချိန် မြင့်တက်နေမှုနဲ့အတူ  လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပါ၀င်မှု လယ်ဗယ်   မြင့်တက်မှုကြောင့် ဖြစ်စေတဲ့ ပင်လယ်ရေထဲ အက်ဆစ်ဓာတ်ပါ၀င်မှုနှုန်း မြင့်တက်မှုတွေကြောင့် ထိခိုက်ခံစားနေရတယ်လို့လည်း ဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly