NLD ခေါင်းဆောင်ပိုင်းတချို့ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်နေဟု ပါတီ ၁၂ ခု စွပ်စွဲ

NLD ခေါင်းဆောင်ပိုင်းတချို့ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်နေဟု ပါတီ ၁၂ ခု စွပ်စွဲ

ရန်ကုန်၊ ဧပြီ  ၉ ။            ။ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်ပိုင်းတချို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မလိုက်နာဘဲ ဖောက်ဖျက်နေသည်ဟု အတိုက်အခံပါတီ USDP အပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီက ဧပြီ ရ ရက်တွင် ပူးတွဲကြေညာချက်ထုတ်လိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၂ရက်အလိုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဌာန ဝန်ကြီးလည်းဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရတာဝန်ယူမှုတစ်နှစ်ပြည့် မိန့်ခွန်း ပြောကြားခဲ့သည်။

ထိုမိန့်ခွန်းအပြည့်အစုံကို ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို မတ်လ ၃၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြရာ၌ NLD ပါတီဆောင်ပုဒ်သစ်ဖြစ်သည့် “ပြည်သူနှင့်အတူ" ဟူသည့်ဆောင်ပုဒ်ကို သတင်းမျက်နှာဖုံးတွင်ထည့်သွင်းဖော်ပြခဲ့သည်။

ယင်းအပြင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရန် စည်းရုံးရာ၌ ပေးခဲ့သည့် ကတိအတိုင်း ဆောင်ရွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ ပြောရခြင်းအကြောင်းဟာ ကျွန်မတို့ပိုင်တဲ့အစိုးရလို့ ပြောချင်လို့မဟုတ်ဘူး။ ကျွန်မတို့ တာဝန်ယူတာကို ပြောချင်တာ။" "ကျွန်မတို့ အရင်နှစ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရဲ့တာဝန်ကို စပြီးတော့ယူစဉ်အခါက ဆိုလို့ရှိရင် ကျွန်မတို့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ယူခဲ့ပါတယ်။ ကျွန်မတို့ အခုတစ်နှစ်ကြာပြီဆိုတော့ ဆောင်ပုဒ်ကိုလည်း ကျွန်မတို့ နည်းနည်းပြောင်းပြီးတော့ သွားရရင် ကောင်းမယ်လို့ ကျွန်မထင်ပါတယ်။" စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး "ပြည်သူနှင့်အတူ" လို့ ကျွန်မတို့ဆက်ပြီးတော့ ဒီခရီးလမ်းကို ပြည်သူနဲ့အတူ လျှောက်သွားချင်ပါတယ်" ဟု ပြောင်းလဲလိုက်သည့် ဆောင်ပုဒ်ကို အသိပေး ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှု၊ ဖော်ပြမှုများမှာ ကော်မရှင်၏ ညွှန်ကြားချက်ကို ချိုးဖောက်ရာ ရောက်နေကြောင်း ပါတီများက ထောက်ပြပြောဆိုခြင်းဖြစ်သည်။

ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက “အဲ့တာတော့ ကျွန်တော်တို့ယူဆတယ်လေ။ ဒါမလုပ်သင့်ဘူးလို့တော့ ပြောလို့ရတာပေါ့ဗျာ။

တိုင်းပြည်ရဲ့အောင်တာတွေ ဘာတွေပြောတာကတော့ တစ်မျိုးလေ ပြောပုံဆိုပုံမှာတော့ ဒါက ပါတီအနေနဲ့ ပါတီစကားလုံးတွေသုံးပြီးတော့ လုပ်တယ်ဆိုတော့ မဲဆွယ်တဲ့ပုံစံကျသွားတာပေါ့ဗျာ။ သူတို့ သတိမထားမိလို့လား၊ တမင်ပဲပြောသလားတော့ မပြောတတ်ဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ အဲ့ဒါလေး သတိထားစေချင်တယ်ဆိုတဲ့ သဘောပါပဲ။ ဒီဥစ္စာက ရွေးကောက်ပွဲကော်မရှင်ကထုတ်ထားတဲ့ ဥပဒေနဲ့ဆန့်ကျင်နေတယ်။ အစိုးရပါတီလည်းဖြစ်တယ်ဆိုတော့ ဒါတွေကိုမလုပ်သင့်ဘူးဆိုတဲ့သဘောမျိုး ကျွန်တော်တို့ကတော့ မှားတာ မှန်တာကိုထောက်ပြတာပဲဗျ။ ဘယ်သူလုပ်လုပ် ပါ့နော်” ဟုပြောဆိုသည်။

မိန့်ခွန်းပြောကြားချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များကို ချိုးဖောက်ပြီး ပြည်သူတွေကို မဲဆွယ်စည်းရုံးတာ ဖြစ်သည်ဟု ပါတီ ၁၂ ခုရဲဲဲ့ သဘောထား ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

“သဘောပေါက်တာကတော့ ၃၀ ရက်နေ့မိန့်ခွန်းဟာ အစိုးရရဲ့တစ်နှစ်ပြည့်လုပ်ဆောင်ချက်တွေအပေါ်မှာ ပြန်လည်ဝေဖန်သုံးသပ်တဲ့မိန့်ခွန်းပါ။ ဘယ်ပါတီအတွက်မှ မဲဆွယ်စည်းရုံးတဲ့ သဘောထားမရှိပါဘူး။ ကိုယ့်အစိုးရရဲ့ အကောင်းအဆိုး အားနည်းချက်အားသာချက်တွေကို သိက္ခာရှိရှိနဲ့ ပြန်ပြီး ဝေဖန်သုံးသပ်တဲ့မိန့်ခွန်းပါဗျာ" ဟု NLD ဗဟိုကော်မတီအဖွဲ့ဝင် ဦးအောင်ရှင်က အဆိုပါ ပူးတွဲထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြန်လည် တုံ့ပြန်လိုက်သည်။

NLD ပါတီခေါင်းဆောင်ပိုင်းတစ်ချို့သည် “ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မ၏ ညွှန်ကြားချက်များ၊ နိုင်ငံရေးပါတီ၊ ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ်များ” ကိုချိုးဖောက်သည့်အတွက်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနှင့်အညီ တင်ပြသွားမည်ဟုလည်း ၁၂ပါတီက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူုး ဦးတင်ထွန်းက “ကျွန်တော်တို့ဆီတော့ ဘာမှလည်းစာမရောက်တော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီးပြောဖို့မရှိသေးပါဘူး။ တရားဝင်အကြောင်းကြားရင် အဲ့တော့မှ၊ ကျွန်တော်တစ်ယောက်တည်းပြောလို့မရဘူးလေ။ ဥက္ကဌတို့အဖွဲ့ဝင်တို့ ဆွေးနွေးပြီးတော့ သူတို့ဆုံးဖြတ်ပါလိမ့်မယ်" ဟုပြောဆိုသည်။

ယင်းအပြင် ပါတီ ၁၂ခု၏ ထုတ်ပြန်ချက်၌ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို မတ်လ ၃၁ရက်တွင် အစိုးရ တစ်နှစ်တာသက်တမ်းကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့မှ  နိုင်ငံပိုင် မီဒီယာများမှ တဆင့်သုံးသပ် ပြောကြားချက်များသည်လည်း နိုင်ငံရေးပါတီကျင့်ဝတ်နှင့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ကို ချိုးဖောက်ရာ ရောက်သည်ဟူ၍ လည်းပူးတွဲကြေညာချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly