နေပြည်တော်၊ ဧပြီ ၉ ။ ။ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ အချုပ်ထောင်အတွင်းမှ တရားခံနှစ်ဦးထွက်ပြေးလွတ်မြောက်မှုဖြစ်စဉ်တစ်ခု ဧပြီလ ၈ ရက်၊ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့မှုအပေါ် တာဝန်ကျကင်းသမားပေါ့လျော့မှုဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။
“ကင်းသမားပေါ့လျော့တာပေါ့ ။တာဝန်ကျတဲ့ ကင်းသမားတွေပေါ့လျော့တာ။ ချက်ချင်းသိတယ်ဆိုရင် ဥပမာ တို့ကိုပြောတဲ့ အချိန်နဲ့ သတင်းပို့တဲ့အချိန်နဲ့ သူတကယ် ဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ ကြားမှာ ကွာဟတာတွေရှိနေတယ် ။ ဒါက ဘယ်လိုကွာဟလဲဆိုတာကိုတော့ တို့ကတော့ ပြန်ပြီးတော့မှ စုံစမ်းစစ်ဆေးရေးခုံရုံးလုပ်ရမှာပေါ့” ဟု ဆိုသည်။
ယနေ့ ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံနှစ်ဦးသည် ပျဉ်းမနားမြို့ ဘောဂဝတီရပ်မှ ငွေသိန်း(ခ)ညီညီနှင့် မင်းလှမြို့မှ ၀င်းထိုက်ကျော် ဆိုသူတို့နှစ်ဦးဖြစ်ပြီး အဆိုပါနှစ်ဦးလုံးသည် ခိုးမှုများဖြင့် ၂လပိုင်းလောက်ကမှ အကျဉ်းကျခံနေရသူများဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံနှစ်ဦးနှင့် အခြားလူနှစ်ဦးတို့အား အမှိုက်တောင်းပစ်ခိုင်းရာတွင် အဆိုပါလွတ်မြောက်တရားခံနှစ်ဦးသည် အချုပ်ခန်းအတွင်းရှိ ဆောက်လက်စ အချုပ်ခန်းအသစ်ရှိ မျက်ကွယ်ထောင့်နေရာ နံရံမှ တစ်ဆင့်အချုပ်ထောင်ဟောင်း ခေါင်မိုးပေါ်သို့ တက်ရောက် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။
ထို့ပြင် တရားခံ နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းသည် ဖြစ်သည့်အချိန်နှင့် သတင်းပို့သည့် အချိန်ကြားထဲတွင်ကွာဟချက်ရှိသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်က ပြောခဲ့သည်။
ထွက်ပြေးလွတ်မြောက်မှုနှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးပြုလုပ်သွားမည်ဖြစ်ပြီး ပေါ့လျောသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တာဝန်ရှိတဲ့လူအဆင့်ဆင့်ကတော့ စုံစမ်းစစ်ဆေးရေးခုံရုံး လုပ်မှာပေါ့။ စုံခုံလုပ်ပြီးတော့ ဘယ်သူ့မှာ တာဝန်ရှိတယ်။ ပေါ့လျော့တဲ့လူတော့ အရေးယူခံရမှာပေါ့”ဟု ရဲမှူးကြီး ဇော်ခင်အောင်ကပြောသည်။
လက်ရှိချိန် တွင် အဆိုပါတရားခံပြေးနှစ်ယောက် ထွက်ပြေးနိုင်သည့်လမ်းများကိုတောက်လျောက် ပိတ်ဆို့ရှာဖွေလျက်ရှိသည်။
အဆိုပါလွတ်မြောက်မှုမျိုးဖြစ်စဉ်နှင့် ပတ်သတ်ပြီး ၂၀၁၄ခုနှစ်အတွင်းက ဆေးရုံ အချုပ်သားတစ်ဦး ထွက်ပြေးဖူးကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။