တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် မိတ်ဖက်များ သဘောထားထုတ်ပြန်

တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် မိတ်ဖက်များ သဘောထားထုတ်ပြန်

ဇူလိုင် ၃၀ ရက် ။         ။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ၃ ရက်ကြာ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲမှ တိုင်းရင်းသားလူမျိုးစုဒေသ များတွင် တပ်မတော်၏ ထိုးစစ်များချက်ချင်းရပ်ဆိုင်းပေးရန်အပါအဝင် သဘောထား ၉ ရပ်ထုတ်ပြန်လိုက်ပါသည်။

နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီး မပြီးဆုံးမီအထိ လက်ရှိလုပ်နေသော မြေ-ရေ-လေနှင့် သယံဇာတဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရပ်ဆိုင်းထားရန်နှင့် အသစ်များလည်း မလုပ်ရန်၊ မတရား သဖြင့် ဖမ်းဆီးထောင်ချထားသည့် သံဃာတော်များ၊ သာသနာ့ဝန်ထမ်းများ၊ ကျောင်းသား၊ လယ်သမားနှင့် မီဒီယာသမားများအပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲရက်မတိုင်မီ ချွင်းချက်မရှိလွှတ်ပေးရန်တို့ ပါဝင်သည်။

ထို့ပြင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲအတွက် အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များမပြုလုပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင်း/ပြင် နည်းလမ်းများဖြင့် တပြိုင်တည်းဆောင် ရွက်ရန်တို့တောင်းဆိုထားသည်။

UNA က ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးစာချုပ် NCA ၌ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာစေရန် လိုအပ်သည့် အာမခံချက်များကို ထည့်သွင်းနိုင်ရေး အကြံပြုသွားမည်ဟု ဖော်ပြထားသည်။ နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်း နိုင်ငံရေးမူဘောင်တစ်ရပ် ရေးဆွဲသွားရန်ရှိပြီး ယင်းဆွေးနွေးပွဲများ တွင် အမျိုးသမီးကိုယ်စားလှယ် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်စေရန် ဆောင်ရွက်မည်ဟုဆိုသည်။

ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်ထိ ကျင်းပသည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ၌ နိုင်ငံရေးပါတီများ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များနှင့် အရပ်ဖက်လူမှုအသင်းများ စုစုပေါင်း ၂၈ ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags