မြင်းခြံစည်ပင််မှ ဆိုင်ခန်းခများ ၅ ဆ တိုးကောက်၍ စျေးသူ၊စျေးသားများ ဆန္ဒပြ

မြင်းခြံစည်ပင််မှ ဆိုင်ခန်းခများ ၅ ဆ တိုးကောက်၍ စျေးသူ၊စျေးသားများ ဆန္ဒပြ

မြင်းခြံ၊ဧပြီ ၈ ။               ။ မြင်းခြံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ စျေးဆိုင်ခန်းခများ ၅ ဆ တိုးမြှင့်ကောက်ခံသည်နှင့် ပတ်သက်၍ စျေးသူ၊စျေးသားများက ဧပြီလ ၈ ရက်၊ညနေ ၄ နာရီက မြင်းခြံမြို့မှာ ဆန္ဒပြလျှက်ရှိသည်။

မြင်းခြံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြင်းခြံမြို့နယ်အတွင်းရှိ မြို့မစျေး၊ အေးမြသီတာစျေး၊ စံပြစျေးနှင့် ကျေးလက်စျေး (ဆီမီးခုံ)တို့မှ ဆိုင်ခန်းစျေးနှုန်းများကို ယခင်ကောက်ခံနေသည့် နှုန်းထား ထက် ဧပြီလကုန်မှစ၍ ၅ ဆတိုးမြှင့်ကောက်ခံသွားမည်ကို မကျေနပ်ခြင်းကြောင့် စျေးသူ၊စျေးသား ၅၀၀ဦးကျော် ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြစျေးသူစျေးသားများသည် စျေးဆိုင်ခန်းခွန် ၅ ဆ တိုးမြှင့်ကောက်ခံမှု၊ အလိုမရှိ။ စည်ပင်ကော်မတီဝင် ဒေါက်တာဝင့်သူနှင့်ဝင်းနိုင်ဖုန်း၊အလိုမရှိ၊ သန့်စင်ခန်း ကောက်ခငွေ ၁၀၀ကျပ်မှ ၅၀ ကျပ်လျှော့ချရေး ဒို့အရေး၊ အခွန်တိုးကောက်ခံမှု လွှတ်တော်ကိုယ်စားလှယ်များက ဖြေရှင်းပေးရေး ဒို့အရေးဟူ၍ ကြွေးကြော်ကာ မြင်းခြံမြို့ပတ်ကာ ချီတက်ခဲ့ကြသည်။

ဆန္ဒပြရာတွင်ပါဝင်သူ မဆွေဆွေဝင်းက "နှစ်ဆလောက်တိုးတယ်ဆိုရင် ပေးနိုင်တယ်။ အခုဟာက ငါးဆဆိုတော့များတယ်။ကျွန်မတို့ ဒီကစျေးတွေဆိုတာ သိပ်ရောင်းရတဲ့စျေးမဟုတ်ပါ။ ဒါကို ငါးဆထိ တိုးကောက်တယ်ဆိုတော့ မကျေနပ်ဘူး။ ဒါကြောင့် ဆန္ဒပြတာပဲ"ဟုပြောသည်။

ဆန္ဒပြပွဲအား ဦးဆောင်သူ ဦးမင်းမင်းသန့်က "ရေရှည်ဆောင်သွားရမယ့်ဟာပါ။တစ်လထဲဆောင်ပြီး ပြီးသွားမှာမဟုတ်ပါဘူး။ဒါကြောင့် စျေးသူစျေးသားတွေက ကန့်ကွက်တာပါ။ တိုးမြှင့်ကောက်ခံဖို့ အတွက်လည်း ကျွန်တော်တို့ စျေးသူ၊စျေးသားတွေနဲ့ တွေ့ဆုံတာ၊ တိုင်ပင်တာတွေ မလုပ်ပါဘူး။ ကျွန်တော်တို့ကတော့ အများနည်းတူ နှစ်ဆဆိုရင်တော့ ဆောင်မှာပါ။ ငါးဆဆိုရင်တော့ မဆောင်ပါဘူး"ဟု ပြောသည်။

ဆန္ဒပြသည့် စျေးသူ၊စျေးသားများအနေဖြင့် ဆိုင်ခန်းခများကို ၂ ဆလောက်သာ တိုးမြှင့်ကောက်ခံ စေချင်သည်ဟု ဆန္ဒပြရာတွင်ပါဝင်သူများကဆိုသည်။

ဆိုင်ခန်းခများတိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်၍ မြင်းခြံမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာဝင့်သူက "ဆိုင်ခန်းခတွေ တိုးမြှင့်ကောက်ခံတယ်ဆိုတာ မြို့ဖွံ့ဖြိုးရေးလုပ်ဖို့ အတွက်ပါ။ များတဲ့စျေးတော့မဟုတ်ပါဘူး"ဟုပြောသည်။

ထိုသို့တိုးမြှင့်ကောက်ခံရန်အတွက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားချက်အတိုင်းသာ တိုးမြှင့်ကောက်ခံခြင်းဖြစ်ပြီး ဒီမိုကရေစီအစိုးရလက်ထက်တွင် လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိသည်ဟု ဒေါက်တာဝင့်သူကဆိုသည်။

ဆန္ဒပြစျေးသူ၊စျေးသားများအနေဖြင့် ဆိုင်ခန်းခများ ဆက်လက်တိုးမြှင့်ကောက်ခံသွားမည်ဆိုပါက မန္တလေးမြို့ပေါ်တက်၍ ဆန္ဒပြတောင်းဆိုမှုများဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly