မုံရွာကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှု နည်းပါးခြင်းကို သုံးသပ်

မုံရွာကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှု နည်းပါးခြင်းကို သုံးသပ်

မုံရွာ၊ ဧပြီ ၈။             ။ မုံရွာကြားဖြတ်ရွေးကောက်ပွဲတွင် လူစိတ်ဝင်စားမှုနည်းခဲ့ခြင်းမှာ သတင်းအချက်အလက် ထုတ်ပြန်မှု အားနည်းခြင်းနှင့် ကျင်းပချိန်လွဲမှားနေခြင်းကြောင့် ဖြစ်သည်ဟု   ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ Chindwin Institute မှ ဦးစိုးဝင်းဆွေက ယနေ့ သုံးသပ် ပြောလိုက်သည်။

"ရွေးကောက်ပွဲနဲ့ပက်သတ်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်မှုအားနည်းခဲ့တယ်။ ကျင်းပချိန် လွဲမှားနေတယ်" ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ဦးစိုးဝင်းဆွေက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမြို့၌ လာရောက်မဲ့ပေးခဲ့သူမှာ ရာခိုင်နှုန်းထက်ဝက် အောက်သာရှိခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့သည့် မုံရွာမြို့တွင် ပြည်သူစိတ်ဝင်စားမှု နည်းပါးခဲ့သည့်အကြောင်းကို ယနေ့ ဧပြီလ ၈ ရက်တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

လူစိတ်ဝင်စားမှုနည်းခြင်းအပေါ် ရွေးကောက်ပွဲနှင့်ပတ်သက်သော သတင်းအချက်အလက်များအား ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်မှုအားနည်းခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိယုံကြည်လွန်ခဲ့သောပါတီမှ လုပ်နိုင်စွမ်းနည်းပါးနေသည့်အတွက် လာရောက်မဲမပေးခဲ့ခြင်း၊ မိမိယုံကြည်ရာ ပါတီသည် မိမိလာရောက်မဲပေးခြင်းမရှိသော်လည်း အနိုင်ရမည်ဟု ယုံကြည်ခြင်း၊ရွေးကောက်ပွဲကျင်းပချိန်မှာ တောင်သူများ လုပ်ငန်းသိမ်းချိန်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ၏ စာမေးပွဲကာလ ဖြစ်နေခြင်း၊ စသည့်တို့ကြောင့် ဖြစ်ကြောင်း ၄င်းက သုံးသပ်ခဲ့သည်။

မုံရွာမြို့၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြင်စောကလည်း လူစိတ်ဝင်စားမှုနည်းတာ သတိထားမိကြောင်း မဇ္ဈိမသို့ ပြောသည်။

" မဲစာရင်းကြည့်တဲ့အချိန်မှာကတည်းကစပြီး လူထုစိတ်ဝင်စားမှုနည်းတာကို သတိထားမိခဲ့တယ်။
မဲပေးတဲ့အချိန်မှာလည်း လာရောက်မဲပေးသူ တဝက်အောက် နည်းခဲ့တယ်။ အစိုးရတစ်ရပ်ရဲ့ အပြောင်းအလဲကို မပေးနိုင်ဘူး၊ မလုပ်နိုင်ဘူး လို့ ယူဆကြဟန်တူတယ်။ ဒါ့ကြောင့်မို့လို့ သုံးသပ်ရပါတယ်" ဟု မုံရွာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြင်စောက ပြောသည်။

မုံရွာ ကြားဖြတ်ရွေးကောက်ပွဲတွင် လာရောက်မဲဆန္ဒပေးခဲ့သူမှာ ၄၇ ဒသမ ၆၇ ရာခိုင်နှုန်းသာ ဖြစ်ကြောင်း Chindwin Institute ၏ စောင့်ကြည့်လေ့လာမှု ထုတ်ပြန်ချက်များမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly