ဆည်တော်ကြီးရေလှောင်တမံ ရေထိန်းရေအမှတ်ကျော်လွန်တော့ မည်ဖြစ်၍ကျေးရွာများသို့ အသိပေး

ဆည်တော်ကြီးရေလှောင်တမံ ရေထိန်းရေအမှတ်ကျော်လွန်တော့ မည်ဖြစ်၍ကျေးရွာများသို့ အသိပေး

မန္တလေး၊ ဇူလိုင် ၂၉ ။      ။ ဆည်တော်ကြီးရေလှောင်တမံ ရေထိန်းနိုင်သည့် ရေအမှတ် (၄၁၉.၅၀) ပေသို့ ရောက်ရှိရန် ၄ပေခန့်သာ လိုတော့သဖြင့် ဆည်အောက်ရှိ ရွာများသို့ ဇူလိုင်လ ၂၉ ရက် ညပိုင်း တွင် အထူးသတိထားရန် အသိပေးအကြောင်းကြားမှုများ ပြုလုပ်နေသည်ဟု မတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းကပြောသည်။

အဆိုပါဆည်တော်ကြီးဆည် ရေအမှတ်များသည် ဇူလိုင်လ ၂၈ ရက်၊ ည ၁၁ နာရီ ၃၀ မိနစ်တွင် ၄၁၃.၃၀ပေ၊ ၂၉ရက်တွင် ၄၁၅ပေ ထိမြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ရောက်ရှိရန် ၄ ပေသာလိုတော့ ၍ ရေလွှဲမြောင်းများမှတဆင့် ဖေါက်ချနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု ၎င်းကဆိုသည်။

ဆည်အောက်ရှိ ကျေးရွာပေါင်း ၁၃ရွာအား အသံချဲ့စက်ဖြင့် သတိပေးခြင်းများလုပ်ဆောင်ပြီး ၎င်းဆည်၏ ဆည်ရေပြည့် ရေအမှတ်မှာ ၄၁၉.၅၀ ပေဖြစ်၍ ရေဝင်ဧကမှာ ၃၆၂၈၅၀ ပေ ဖြစ်ကြောင်း၊ လက်တံမြောင်းများမှတဆင့် ရေလွတ်လိုက်လျင် ရေလွှွတ်မြောင်းဘေးမှ ကျေးရွာများရှိ အုတ်လုပ်ငန်းနှင့် ကွမ်းခြံများ ရေဝင်ရေလွှမ်းကာ ဆုံးရှုံးမှုများ ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း သတိပေးကြေငြာရာတွင် ပါရှိသည်။

ရေလွှတ်မြောင်းအနီးရှိ ကျေးရွာများဖြစ်သော ဂွေးပင်၊ အထက်တောင်ကိုင်း၊ ဇီးဖြူကုန်း၊ ဆိပ်သာ ၊ စလေ၊ ဝန်စု၊ မြစ်ကမ်း၊ စကားပင်၊ ကျောင်းကုန်း၊ ကျောက်စရစ် တောင်ရွာ-မြောက်ရွာ၊ သပြေသာ၊ ရေနံ့ သာ ကျေးရွာတို့သည် ရေလွှမ်းမိုးမှုကြုံရနိုင်သည်ဟု သပြေသာကျေးရွာမှ ကွမ်းခြံပိုင်ရှင် ကိုသောင်းတင်က ဆိုသည်။

“တံငါချောင်းဘေးက ရွာတွေ ရေဝင်မယ်။ အဲဒီရွာတွေမှာရှိတဲ့ အုတ်ဖိုတွေ ပျက်စီးမယ်။ နောက်ပြီး ကွမ်းခြံတွေ ရေမြုပ်မယ်။ လယ်မြေတွေပျက်မယ်။ ဒါပေမယ့် အခုလိုကြိုသတိပေးတော့ ပျက်စီးဆုံးရှုံးတော့ နည်းတာပေါ့။" ဟု တံငါမြောက်ရွာမှ ဦးကျော်စွာကလည်း ပြောသည်။

ဆည်တော်ကြီးမှရေများသည် တံငါမြောင်းမှတဆင့် ထုံးကြီးရွာအနီးရှိ ဧရာဝတီမြစ်တွင်းသို့ စီးဝင်မှာဖြစ်ကြောင်း၊ချောင်းဘေးတွင် တံငါမြောက်ရွာ၊ အင်းနဂါးရွာ၊သပြေချောင်းရွာ၊ ဇီးဖြုူကုန်းရွာ၊ချောင်းကုန်းရွာ စသည့် ရွာပေါင်း ၂၅ရွာ ခန့် ရှိ၍ အုတ်ဖုတ်လုပ်ငန်းနှင့် ကွမ်းစိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။

“ရေတက်နုန်းက နာရီ၄၀ တွက်ရင် ည ၁နာရီမှာ ပြည့်မယ်။ တစ်ပေါက်ခြင်းလွှတ်မယ်။ မိနစ် ၂၀မှာ ၄၁၅ ပေကျော်ရင် အိုဘာဝေး over way ရောက်မယ်။ တစ်နာရီမှာ တစ်လက်မတက်နေတယ်။” ဟု ရေတက်နှုန်းကို စောင့်ကြည့်နေသော ဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်းတဦးကပြောသည်။

အဆိုပါကျေးရွာများမှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေကြပြီး တစ်ချို့ဒေသခံများသည်လည်း ပစ္စည်းတစ်ချို့သယ်ဆောင်ကာ ရေလွတ်မည့်နေရာများတွင် ညတွင်းချင်း ပြောင်းရွှေ့နေကြသည်ဟု ဒေသခံတစ်ချို့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly