သင်္ကြန်ထမင်းစားပြီး ရင်အေးကြစေဖို့

သင်္ကြန်ထမင်းစားပြီး ရင်အေးကြစေဖို့

မင်္ဂလာပါ…………….။

ဒီတစ်ပတ်အတွက်ကတော့  သင်္ကြန်ပိတ်ရက်နီးပြီးဆိုတော့  သင်္ကြန်ထမင်းချက်စားကြရအောင်ပါ။ ရာသီဥတုပူပူ မှာ သင်္ကြန်ထမင်းလေးစားပြီး ရင်အေးနိုင်ကြစေဖို့ ချက်နည်းလေး ပြောပြပေးပါမယ်။ သင်္ကြန်ထမင်းက ဒေသအလိုက် ချက်နည်းလေးတွေတော့ တူမှာ မဟုတ်ပါဘူး။

အခု သင်္ကြန်ထမင်း ချက်ဖို့ လိုအပ်တာတွေက တော့

ဆန် ကောင်းကောင်း ၁ဘူး (လူနှစ်ယောက်စာ)

ငါးခြောက်  ၂၀ သား (နှစ်သက်ရာ)

ကြက်သွန်နီ ၄ ဥ (လေးစိတ်ကွဲ လှီးပြီး အဖတ်လေးတွေ ခွာထားပါ)

ကြက်သွန်ဖြူ အနည်းငယ် (လေးစိတ်ကွဲထောင်းထားပါ)

ဆီ   ၅ ကျပ်သား

သရက်ချဉ် အနည်းငယ်  (ရေဆေးပြီး ရေစစ်ထားပြီးရင်တော့ ကြက်သွန်နီ ပါးပါး၊ ဆားအနည်းငယ်နဲ့ ဆီလေးထည့်ပြီး သုတ်ထားပါ။)

ငရုတ်သီးတောင့်  အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ငါးခြောက်ကို ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးရင်တော့ ရေစစ် ၊ အအေးခံပြီး အသားကို မွှနေအောင် ထောင်းပါ။

ငါးခြောက်ထောင်းကြော် ကြော်မယ့် အိုးထဲကို  ဆီထည့်ပါ။ ဆီပူလာရင် ငရုတ်တောင့်လေးတွေကို အရင်ကြော်ပါ။ အရောင်ရဲလာရင် ဆယ်ထားပါ။

ပြီးရင် ကြက်သွန်နီကို ထည့်ပါ ။ လိပ်နေအောင် ကြော်ပါ။  ကြက်သွန်နီ အရောင်နွမ်းပြီး ရဲလာရင် ကြက်သွန်ဖြူ ထည့်ပါ။

ခဏနေရင်တော့ ငါးခြောက်ထည့်ပါ။ သမအောင် မွှေပေးပါ။ ဆား အပေါ့အငန် မြည်းပြီး လိုတာထည့်ပါ၊ ၁၀မိနစ်လောက်ကြော်ရင် ရပါပြီ။

ပြီးရင်တော့ ထမင်းတည်ပါမယ်။ပေါင်းအိုးနဲ့ ချက်လို့ရသလို  မီးသွေးမီးနဲ့ဆို ပို အဆင်ပြေပါတယ်။  ဆန်ကို ရေဆေးပြီး တည်ပါ။ ထမင်းအိုး ပွက်လာရင် မွှေပေးပါ။ ထမင်းအစေ့လေးတွေကို ဖိကြည့်လို့ နပ်ပြီဆိုရင် ထမင်းအိုး ချလို့ ရပါပြီ။

ထမင်းကျက်ပြီဆိုရင် ဇကာတစ်ခုထဲ ငှဲ့ထည့်ပြီး အပေါ်က ရေအေးအေးနဲ့ နှစ်ထပ်လောက် ဆေးပေးပါ။ ပြီးရင်တော့ ရေစစ်ထားပါ။

ထမင်းလည်း ရပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ ဆမ်းစားဖို့ ဖယောင်းသင်းရေ လုပ်ပါမယ်။ မြေအိုးသန့်သန့် အသစ်ဆို ပိုကောင်းပါတယ် ။ ရေဆေးပြီး အအေးဓာတ်ရအောင် မချက်ပြုတ်ခင်ကတည်းက ၅ နာရီလောက် ရေစိမ်ပြီး ရေပြန်စစ်ထားပါ။ ဖယောင်းသင်းရေရဖို့ အိုးကို မှောက်ထားပြီး အောက်က ဖယောင်းတိုင်နဲ့ အငွေ့ပေးပါမယ်။ ၃ မိနစ်လောက် ကြာရင် ဖယောင်းတိုင်ကို မီးမှုတ်လိုက်ပြီး အိုးထဲ အငွေ့ဝင်အောင် လုပ်ပေးပါ။

 ပြီးရင်တော့ အိုးထဲကို ရေသန့်အေးအေးလေးထည့်ပြီး အဖုံးအုပ်ထားရုံပါပဲ။ ဒါဆိုရင် ဖယောင်းနံ့ သင်းသင်းလေးနဲ့ ဖယောင်းသင်းရေ အိုးလေးရပါပြီမို့ သင်္ကြန်ထမင်းစားဖို့ အဆင်သင့်ဖြစ်ပါပြီ၊ ပိုပြီး အေးတာ ကြိုက်ရင်တော့ အိုးထဲကို ရေခဲတုံးလေးတွေ ထည့်နိုင်ပါတယ်။

အခုဆိုရင်တော့ သင်္ကြန်ကာလရောက်တိုင်း မက်မက်မောမောစားရတဲ့ သင်္ကြန်ထမင်းလေး ရပါပြီ။ ငရုတ်သီးကြော် ငါးခြောက်ထောင်းကြော် ၊ သရက်ချဉ်သုပ်လေးတွေနဲ့ တွဲဖက်ကာ စားသုံးနိုင်တဲ့ သင်္ကြန်ထမင်းလေးပါ။ လုပ်ရတာ နည်းနည်းရှုပ်သလို ရှိပေမယ့် ရာသီစာဆိုတော့လည်း စားပြီးရင်တော့ ရင်အေးပြီး အမောပြေစေမှာပါ ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly