အမဲသားခြောက်များနှင့် အေးခဲအမဲသား အိတ်ပေါင်း ၆ဝ ကျော် တစ်မနက်အတွင်း ဖမ်းဆီးရမိ

အမဲသားခြောက်များနှင့် အေးခဲအမဲသား အိတ်ပေါင်း ၆ဝ ကျော် တစ်မနက်အတွင်း ဖမ်းဆီးရမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဧပြီလ ၈ ။             ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်အနီးတွင် မှန်လုံကားပေါ်မှ ဆာလာအိတ်ဖြင့်သယ်ဆောင်လာသည့် တရားမဝင် အမဲသားခြောက်များနှင့် အေးခဲအမဲသားများ အိတ်ပေါင်း ၆ဝ ကျော် ယနေ့ (ဧပြီလ ၈ ရက်) မနက် ၂ နာရီခွဲအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

ယနေ့(ဧပြီလ ၈ ရက်) မနက် ၂ နာရီအချိန်တွင် ဖြတ်သန်းသွားလာသော မှန်လုံယာဉ်များကို ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ စစ်ဆေးမှုများပြုလျက်ရှိရာ ၁၄ စီးခန့် စစ်ဆေးအပြီးတွင် ထက်ဦးအမည်ရှိ မှန်လုံယာဉ်ပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် အမဲသားခြောက် ၂၇ အိတ်နှင့် အမဲသား အစို ရေခဲရိုက်၃၅ အိတ်၊ စုစုပေါင်း ၆၂ အိတ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ အခုတော့ ပိဿာတွေ ဘာတွေ မတွက်ရသေးဘူး။ မနက် ၁ဝ နာရီကျော်လောက်မှာပဲ ကုန်သည်ကြီးများအသင်းနဲ့ တန်ဖိုးဖြတ်မယ့်အဖွဲ့တွေ လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးကို သွားနေတယ် ”ဟု ဦးတက်ထွန်းအောင်က ဖမ်းဆီးရမိထားသည့် အမဲသားများကို ဆောင်ရွက် ထားသည့် အခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။

ထို့ပြင် ဧပြီလ ၈ ရက် မနက် ၁ဝ နာရီခန့်တွင်လည်း Hi Ace ကားအမျိုးအစားဖြင့် ကားအပြည့် တရားမဝင် သယ်ဆောင်လာသည့် အေးခဲအမဲသားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါအေးခဲအမဲသားများကိုပါ လားရှိုးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင် ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ အထိ ဖြတ်သန်းသွားလာနေပြီး တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေး လုပ်ငန်း အနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ ဧပြီလ ၈ ရက် အထိ တရားမဝင် သယ်ဆောင်လာသည့် ကုန်တင်ကားများ၊ ကျောက်စိမ်းရိုင်းများ၊ သစ်များစသဖြင့် ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly