တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး စတင်ကျင်းပ

တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး စတင်ကျင်းပ

ဧပြီလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။             ။ ပင်လုံစာတမ်း ပြန်လည် သုံးသပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၄ ဖွဲ့၏ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၈ ရက်နေ့က စတင်ကျင်းပနေသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လန်ရေးအဖွဲ့အစည်း ၈ ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးနေခြင်း ဖြစ်သည်။

ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ် KIO မှ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်တို့ လုပ်ဆောင်ခဲ့ပြီး အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့သည်။ အကျိုးဆောင်များအဖြစ် ငြိမ်းဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်ဂျာနန်နှင့် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးတို့ တာဝန်ယူခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် တေ်ာလှန်ရေးခေါင်းဆောင်များ၏ မိုင်ဂျာယန် အစည်းအဝေးမှ ချမှတ်ခဲ့သော ပင်လုံစာတမ်းအပေါ် ပြန်လည် စိစစ်အတည်ပြုရန် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးနေခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီနေ့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း မိုင်ဂျာယန် ညီလာခံအစည်းအဝေးကနေ ချလိုက်တဲ့ ဒီ ပင်လုံစာတမ်း၊ တကယ်တော့ အဲဒီ ညီလာခံပီးတဲ့နောက်မှာ ဒီချင်းမိုင်မှာ အဖွဲ့အစည်းခေါင်းဆောင်များ တွေ့ဆုံပြီး ပြန်လည် စိစစ် အတည်ပြုဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး။ ဒီနေ့မှ ပင်လုံစာချုပ်စာတမ်းကို ပြန်လည် လေ့လာပြီး အတည်ပြုဖို့ ဖြစ်ပါတယ်။ အခြားအခြားသော ကိစ္စရပ်များကို အခုလိုတွေ့ဆုံရင်း ဆွေးနွေးကြ။ ဒီအချိန်မှာ တိုင်းရင်းသားအများအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ အားလုံးက ခံစားရပြီး ဖြစ်ပါတယ်။ အထူး ပြောစရာမလိုပါဘူး”ဟု သူက ပြောသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးရန်အတွက် မတူကွဲပြားမှုနှင့် အဖွဲ့အစည်းအသီးသီးတို့၏ စဉ်းစားမှု မတူညီမှုများကြောင့် ယနေ့ထိ တစ်စုတစည်းတည်း အပစ်အခတ် လက်မှတ်ရေးထိုးရန် မလုပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ မြောက်ပိုင်း အခြေအနေများကိုလည်း မဖြစ်မနေ ထည့်သွင်းဆွေးနွေးရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောသည်။

“ဒီအချိန်မှာ အခုလို စုစုစည်းစည်းဖြစ်တဲ့အခါ အားလုံးက ချင့်ချင့်ချိန်ချိန် ဆွေးနွေးပြီးတော့ အကြံဉာဏ်ပြုဖို့ ဒါကို လေးလေးနက်နက် တောင်းဆိုပါတယ်။ ဒေသန္တရအရလည်း ကျွန်တော်တို့ အခုချိန်မှာဆိုရင် မဖြစ်မနေ မြောက်ပိုင်းအဖွဲ့ဟာလည်း စုစည်းရမယ့် အခြေအနေမှာ ရောက်နေပါတယ်။ မစုစည်းလို့ရှိရင် ပိုပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အဖွဲ့အစည်းအချင်းချင်းထဲမှာလည်း မတူကွဲပြားမှု ရှိပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခိုက်ရန်ဖြစ်မှု ဒါတွေလည်း မလွဲမရှောင်သာ ဖြစ်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် မြောက်ပိုင်းအခြေအနေကို အားလုံးက နားလည်ပြီး အကြံကောင်း ဉာဏ်ကောင်းပေးကြဖို့ကိုလည်း အားလုံးကိုနှိုးဆော်အပ်ပါတယ်”ဟု တိုက်တွန်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ၊ တပ်မတော်တို့အကြား ၁၉၄၇ ခုနှစ်က ပြည်နယ်ကို အခြေခံ၍ ဖွဲ့စည်းခဲ့သော ဖက်ဒရယ်အရ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သဖြင့် နိုင်ငံရေးဆွေးနွေးမှုတွင် ပင်လုံစာချုပ် ချန်ထား၍ မရကြောင်း RCSS/SSA မှ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ပင်လုံစာချုပ်နဲ့ပတ်သက်ပြီး။ တကယ်လို့ ၁၉၄၇ မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ အားနည်းချက်တွေရှိတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေ များပါတယ်။ ဒီပင်လုံစာချုပ်ကနေ ကောင်းတဲ့အချက်တခု အတိအလင်းတွေ့တာကတော့ ဒီပင်လုံစာချုပ်ကနေ မြန်မာပြည်ရယ် ရှမ်းပြည်ထောင်စုရယ် ချင်းရယ်၊ ကချင်ရယ် ဒါတွေဟာ တိုင်းပြည်တခုအနေနဲ့ ရှိနေခဲ့ကြတယ်ဆိုတာ တိတိလင်းလင်း တွေ့ရတယ်။ အဲဒါမို့ ပင်လုံစာချုပ်ရယ် ပင်လုံ ကတိကဝတ်၊ ပင်လုံစိတ်ဓါတ်ရယ် တခုနဲ့တခု ဆက်စပ်နေတယ်ဆိုတာ တွေ့နိုင်တယ်။ တကယ်လို့ ပင်လုံစိတ်ဓါတ် မရှိရင် ပင်လုံကတိကဝတ် ရှိမှာ မဟုတ်ဘူး။ ပင်လုံစာချုပ် မရှိရင်လည်း ပင်လုံကတိကဝတ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးတော့မယ်ဆိုရင် ပင်လုံစာချုပ်ကို ပစ်ပယ်လို့ မရပါဘူ။ ပင်လုံစာချုပ်ကို ကြည့််မယ်ဆိုရယ် ပြည်နယ်ကိုအခြေခံ ဖွဲ့စည်းထားတဲ့ ဖယ်ဒရယ်ကို တွေ့နိုင်ပါတယ်”ဟု သူက ပြောသည်။

သို့သော် လက်ရှိ အခြေအနေအရ လုံုခြံုရေးကဏ္ဍတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်ရေးအရ သွားမည်ဆိုပါက စစ်ရေးတွင် အသင့်ဖြစ်နေပြီလား၊ အကယ်၍ နိုင်ငံရေးလမ်းကြောင်းသွားမည်ဆိုပါက NCA လမ်းကြောင်း အတိုင်း သွားသင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့သည်။

၄င်းထိပ်သီး အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံုး(KNU)က တက်ရောက်နိုင်ခြင်း မရှိသဖြင့် အဖွဲ့အစည်း ရ ဖွဲ့မှ ခေါင်းဆောင်များနှင့် UNFC မှ အဖွဲ့ဝင် ရ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

၄င်းထိပ်သီး အစည်းအဝေးကို မနက်ဖြန် ဧပြီလ ၉ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly